ရန်ကုန် ဇူလိုင် ၆

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်၌ ဆက်လက်ကျင်းပသည်။

တက်ရောက်ကြည်ညို

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် သာသနာ ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

ဝေဖန်ဆွေးနွေးတော်မူ

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက်တော်မူ၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမ အဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာ ပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတ ဓရ ဘဒ္ဒန္တပညာသီဟာလင်္ကာရာ ဘိဝံသကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာ ဘိဝံသက လည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။

ဆွေးနွေးဆုံးဖြတ်တော်မူ

ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို ရပ်နားသည်။

မွန်းလွဲပိုင်းတွင် အစည်းအဝေး ဒုတိယနေ့ (ဒုတိယပိုင်း) ကို ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးချက်များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ ကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒပါလ ကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။

အောင်မြင်စွာကျင်းပပြီးစီး

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဓဇက အတည်ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မ မိတ်ဆွေများက ဧကူနစတ္တာလီသ (၃၉) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။              

သတင်းစဉ်