ရန်ကုန် မတ် ၈
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ တော်ကြီးတွင် ယနေ့ နံနက် ၈ နာရီ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေး မစတင်မီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိဆရာတော်အဖြစ် ဆောင်ရွက် တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက် အောင်မြင်ကြောင်းကြေညာသည်။ ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော် အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော ၂ ဂါထာကို တညီတညွတ်တည်း ၃ ကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။ ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးကျင်းပမည့် ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့် ကျော် ၁၃၊ ၁၄ ရက်၊ တပေါင်းလဆန်း ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ မတ် ၈၊ ၉၊ ၁၀ ရက်များအတွက် အစည်းအဝေးအစီအစဉ်များကို လျှောက်ထားပြီး အတည်ပြုချက်ကို ရယူ၍ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကထာများကို နာယူကြသည်။
ဆက်လက်၍ အစည်းအဝေးသဘာပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။
(နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၏ သာရဏီယ ဩဝါဒကထာကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ၁၃၈၄ ခုနှစ်၊ တပေါင်းလမှ ၁၃၈၅ ခုနှစ် ယနေ့အထိ တစ်နှစ်တာကာလအတွင်း ပျံလွန်တော်မူ သွားကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်ခြင်း၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်းခံရသော နိုင်ငံတော် ဩဝါဒါစရိယဆရာတော် ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများကို အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ကိုယ်စား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထား၍ နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး ၁၃၈၄ ခုနှစ် တပေါင်းလမှ ယနေ့အထိ ကာလအတွင်းဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍညက တင်သွင်းလျှောက်ထားသည်။
ဆက်လက်၍ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်းရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂမဟာ ပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာလင်္ကာရာ ဘိဝံသကလည်းကောင်း၊ သာသနာ ရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တကလည်းကောင်း၊ ပညာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသကလည်းကောင်း ဖတ်ကြားတင်သွင်း လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များက တင်ပြလာသော အကြံဉာဏ်များကို တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒနှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည တို့က ရှင်းလင်းပြန်ကြားလျှောက်ထားခဲ့ပြီး မွန်းလွဲပိုင်းတွင် ပထမနေ့ အစည်းအဝေးကို ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်း အလှူရှင်အဖြစ် ဦးသိန်းမောင်ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစု၊ အမှတ် ၂၄၀၊ ကုန်ဈေးတန်း လမ်း၊ ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)