mdn

ရန်ကုန် ၁ မတ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိ ဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်နယ် သာသနာရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုး တော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဓန္တ ဓမ္မာစာရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူကြသည်။

 

ဩဝါဒကထာမြွက်ကြား

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက အစည်းအဝေးဖွင့်သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယဩဝါဒကထာကို စာမျက်နှာ၉တွင် ဖော်ပြထား ပါသည်။)

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကိုယ်စား ဒုတိယ ဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ရက် နေ့မှ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ အထိ (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အထိ) သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟို အဆင့်သင်တန်းကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်တွင် ဖွင့်လှစ်ခဲ့ရာ သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်သံဃာတော်များ သတိ မမူမိသောအချက်များ ပြန်လည်သတိမူမိစေခြင်း၊ မရှင်းလင်းသည်များ ရှင်းလင်းလာစေ၍ လုပ်ထုံး လုပ်နည်းများ၏ အခြေခံသဘောတရားများကို သိရှိနားလည်လာစေခြင်း၊ သံဃနာယကအဖွဲ့ ဖွဲ့စည်းပုံ၊ ရွေးချယ်နည်း အဆင့်ဆင့်ကို သိရှိနားလည်လာစေခြင်း၊ သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ ညွှန်ကြားလွှာများဆိုင်ရာ ဆောင်ရွက်ပုံဆောင်ရွက်နည်းများကို ပိုမိုသိရှိ နားလည်လာစေခြင်း၊ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်တို့၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်လာစေခြင်း၊ ဂိုဏ်းကူးပြောင်းမှုဆိုင်ရာ လုပ်ငန်း များကို သိရှိနားလည်လာစေခြင်း၊ ဝိနည်းဓိုရ်ဆရာတော်များ ဆောင်ရွက်ရသည့်လုပ်ငန်း များကို သိရှိရခြင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေများ နှင့်ပတ်သက်၍ တရားရုံး၏ ဆောင်ရွက်ပုံဆောင်ရွက်နည်း နှင့် ဥပဒေရေးရာကိစ္စရပ်များကို သိရှိရခြင်း စသည့်လုပ်ငန်း စဉ်များကို ပိုမိုသိရှိနားလည် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီ ဂေါပကအဖွဲ့တို့သည် ဘုရားဖူးလာပြည်သူများ ကြည်ညို သဒ္ဓါတိုးပွားစေရေး စေတနာမှန်ကန်စွာ ထားရှိဆောင်ရွက် ရန်၊ စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ နှင့်စီမံမှုတို့ကို အလေးထားဂရုပြုဆောင်ရွက်ကြရန်၊ ဘုရား စေတီများ၏သန္တကပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲ၍ စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

၁၉၆၃ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဃ)တွင် အများနှင့် သက်ဆိုင်သောပစ္စည်းကို “အသင်းများမှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခု၊ မြန်မာ နိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၆ အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော အသင်းတစ်ခုခု၊ ပြည်သူတို့ဆိုင်ရာ ယုံမှတ်အပ်နှံမှုအဖွဲ့တစ်ခုခု၊ သို့တည်းမဟုတ်၊ အခြားအဖွဲ့ အစည်းတစ်ခုခု ပိုင်ဆိုင်သည့်၊ သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ထားသည့် ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင်၊ သို့တည်းမဟုတ် အခြားပစ္စည်းတစ်ရပ်ရပ်” ကို ဆိုလိုသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါကြောင်း။

 

၃၀-၆-၁၉၈၁ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာ ရေးဝန်ကြီးဌာနက ဘုရားစေတီ ၃၇ ဆူ၊ ၂၅-၂-၁၉၉၂ ရက် နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဘုရားစေတီ ၁၃၂ ဆူ၊ ၂၆-၄-၂၀၁၈ ရက်နေ့တွင် ဘုရားစေတီ ၅၇ ဆူ၊ စုစုပေါင်း  ဘုရားစေတီ ၂၆ ဆူတို့၏ ဂေါပကအဖွဲ့များကို အဆိုပါ ဥပဒေပုဒ်မ၂၊ (ဃ) (၄) အရ အခြားအဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်ကြောင်း အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

အသိပေးအကြောင်းကြား

 

ဂေါပကများအနေဖြင့် ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်  သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ကိုဖောက်ဖျက်ကျူးလွန်ပါကဥပဒေကပေးသော ပြစ်ဒဏ်စီရင် ခြင်းခံရမည်ဖြစ်ကြောင်းကို အသိပေးအကြောင်း ကြားပြီး ဖြစ်ပါကြောင်း။

 

၉-၁-၁၉၈၂ရက်နေ့တွင်နိုင်ငံတော်သံဃမဟာနာယက  အဖွဲ့ကလည်း စနစ်တကျ တာဝန်ယူထိန်းသိမ်းစောင့် ( ရှောက်ခြင်းမရှိသေးသော စေတီပုထိုးများ၊ ရုပ်ပွားတော်များနှင့် သန္တကများကို မြို့နယ်သံဃနာယကအဖွဲ့များက ဂေါပကအဖွဲ့များ ဖွဲ့စည်းစေ၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စနှင့်စပ်လျဉ်းပြီး ညွှန်ကြားလွှာအမှတ်(၃၆)ကို ထုတ်ပြန် ခဲ့ပြီး ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့တွင် ပါဠိပထမ ပြန် စာဖြေဌာန ၂၄၁ ဌာန၊ ဓမ္မာစရိယစာဖြေဌာန ၅၇ ဌာန၊ နိကာယ်စာဖြေဌာန ၇၆ ဌာနရှိပါသည်ဘုရား။ စာမေးပွဲများ ဖြေဆိုရာတွင် စာဖြေဌာန သန့်ရှင်းရေးအတွက် စာဖြေ သံဃာများအနေဖြင့် စာဖြေပုဂ္ဂိုလ်များ လိုက်နာရမည့်တာဝန်ဝတ္တရားများ၊ စည်းမျဉ်းစည်းကမ်းများကို အထူး ဂရုပြုလိုက်နာရန် လိုအပ်သကဲ့သို့ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များကလည်း စာဖြေဌာနကြီးကြပ်ရေး အဖွဲ့၏ တာဝန်ဝတ္တရားများနှင့်အညီ သာသနာတော် သန့်ရှင်းတည်တံ့ရေးကို ရည်ရွယ်လျက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်တော်မူကြရန် အရေးကြီးလှပါကြောင်း။

 

အထူးပင်ဝမ်းမြောက်

 

စာဖြေဌာန သန့်ရှင်းရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအနေဖြင့် စီမံ ချက်တစ်ရပ် ရေးဆွဲ၍ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့အထိ (၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ) တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၃၈ မြို့နယ်တို့တွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသီးသီးတို့မှစာဖြေဌာနကြီးကြပ်ရေးဆရာတော်များအား ဩဝါဒပေးရေး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သိရှိရ သဖြင့်လည်း သာသနာတော်မြတ်ကြီးနှင့် ပရိယတ္တိစာမေးပွဲ များအတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း လျှောက်ထားအပ်ပါကြောင်း။

 

ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွား ရေးအတွက် သာသနာ့ဥသျှောင်မဟာထေရ်မြတ်ကြီးများ ရှေ့ဆောင်ဦးရွက် စောင့်ရှောက်တော်မူနေကြသကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အများ ပြည်သူတို့ကလည်း ဆရာဒကာ ညီညာစွာ လက်တွဲ၍ ကြည်ဖြူသဒ္ဓါစေတနာဖြင့် ထောက်ပံ့ ချီးမြှင့် ပူဇော်လျက်ရှိ ကြောင်း လျှောက်ထားအပ်ပါကြောင်း။

 

တည်တံ့ခိုင်မြဲပါစေ

 

နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင် သူမြတ်များသည် ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းနယ်မှုကို အလေးဂရုပြုတော်မူခြင်းမရှိဘဲ သာသနာတော်မြတ်ကြီး အကျိုး၊ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး၏ အကျိုး တို့ကို သယ်ပိုးရွက်ဆောင်တော်မူနိုင်ကြပါစေ၊ ဆရာတော် ကြီးများ၏ ဦးဆောင်မှုဖြင့်ဂိုဏ်းပေါင်းစုံသံဃာ့ အဖွဲ့အစည်း ကြီးသည်လည်း အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲပါစေ၊ ဗုဒ္ဓဘာသာဝင်ပြည်သူအပေါင်းတို့ကလည်း ပစ္စည်းလေးပါး တို့ဖြင့် ထောက်ပံ့လှူဒါန်းကြလျက် သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို စောင့်ရှောက် နိုင်ကြပါစေ၊ မြတ်ဗုဒ္ဓ ဘုရားရှင်၏ သာသနာတော်မြတ်ကြီးသည်လည်း အနှစ် များမြောင် ကာလကြာအောင် သန့်ရှင်းတည်တံ့ထွန်းကား ပြန့်ပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဘုရားတပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါ ကြောင်း လျှောက်ထားသည်။

 

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် တာဝန်ကျ ရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ဓမ္မာစရိယ၊ ဝိနယ ဓရ၊ Ph.D)က တင်သွင်းလျှောက်ထားသည်။

 

ထို့နောက်အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယက အဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်းလျှောက် ထားကြသည်။

 

ယင်းနောက် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြ လျှောက်ထား ရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။

 

ဆက်ကပ်လှူဒါန်း

 

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြ သည့် နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများ အား အရုဏ်ဆွမ်း အလှူရှင်အဖြစ် ဖခင်ကြီး ဦးမောင်မောင်၊ မိခင်ကြီး ဒေါ်ခင်ခင်ကြီးတို့အား ရည်စူး၍ သမီး ဒေါ်ပြုံး ဝေသီ (သဒ္ဓမ္မဇောတိကဓဇ)ကလည်းကောင်း၊ နေ့ဆွမ်းကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) မဟာသရေစည်သူ ဦးရဲမြင့်နှင့် ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့ကဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

သတင်းစဉ်