ရန်ကုန် နိုဝင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန် စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ၊ သာသနာရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယ ဩဝါဒကထာကို သီးခြားဖော် ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာ ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏တရားနှင့်အညီ ထောက်ပံ့ပေးသော အာဏာစက် အကူအညီကို ရယူနိုင်ရေး၊ တစ်ပြည်လုံးရှိရဟန်းသာမဏေ အားလုံးတို့သည် ဓမ္မဝိနယနှင့်အညီ စည်းကမ်းရှိရှိ စည်းလုံးညီညွတ်ကြရေး စသည်တို့ကို ယခုထက်ပိုမို၍ စွမ်းအားမြှင့်ထမ်းဆောင်ကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးက အခြေအနေအချိန်အခါအားလျော်စွာ လမ်းညွှန်သြဝါဒပေးတော်မူပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇန ဟိတဓရ ဘဒ္ဒန္တပညာသီဟာလင်္ကာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်များအပေါ် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍညက လည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ဆက်လက်၍ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး၊ ပထမနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော် မူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဋ္ဌကထာကျမ်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်ပြီးစီးသော ပါဠိတော်အင်္ဂလိပ် ဘာသာပြန်ကျမ်းစာအုပ်များ၊ တိပိဋကပါဠိမြန်မာ အဘိဓာန်အင်္ဂလိပ် ဘာသာပြန်စာအုပ်များနှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော်နှင့် အန္တရာယ်ကင်းဘုရားရှိခိုးအမျိုးမျိုး (၈၁)မျိုးတို့ ပုံနှိပ်ထုတ်ဝေရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းလျှောက်ထားပြီး ပုံနှိပ်ပြီး စာအုပ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အဋ္ဌကထာကျမ်းစာအုပ်များကို မူလခဲစာလုံးမှကွန်ပျူတာမူသို့ ဆောင်ရွက်မှု အခြေအနေ များကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ မော်ကွန်းထိန်းဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမုဒကလည်းကောင်း၊ တိပိဋကပါဠိမြန်မာအဘိဓာန်ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုမှုနှင့်ပတ်သက်၍ လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြေရှင်းဆောင်ရွက်မှုများကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ နောဓိဉာဏကလည်းကောင်း၊ စိစစ်တည်းဖြတ်ပြန်ဆိုပြီးစီးသော ပါဠိတော်အင်္ဂလိပ် ဘာသာပြန်စာအုပ်များကို စိစစ်တည်းဖြတ်မှုအခြေအနေ၊ ပုံနှိပ်ထုတ်ဝေရန်ဆောင်ရွက်နေမှု အခြေအနေ များကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ၊ ညွှန်ကြားရေးမှူးက တင်ပြလျှောက်ထားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး ဆရာတော်ကြီးများအား ခင်းကျင်းပြသထားသည့် အဋ္ဌကထာစာအုပ်များ၊ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်စာအုပ်များ၊ အဘိဓာန် စာအုပ်များ၊ အန္တရာယ်ကင်းပရိတ်တော်စာအုပ်များကို ရှင်းလင်းပြသသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ အား အလှူရှင်များဖြစ်ကြသော သဒ္ဓမ္မဇောတိကဓဇ ဒေါ်ပြုံးဝေသီက အရုဏ်ဆွမ်းကို လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) + ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက နေ့ဆွမ်းကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)


