အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန်   နိုဝင်ဘာ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးဒုတိယနေ့ကိုယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီး များ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာဘိဝံသက ဆောင်ရွက်တော်မူသည်။

အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ၊ ပထမအဖွဲ့ခွဲ၊ ဒုတိယအဖွဲ့ခွဲ)၏ တာဝန်ကျရာကာလအတွင်း ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာ၊ ပညာရေးရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်များက ဝေဖန် ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(တတိယအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက် အကျိုး တော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာ ဘိဝံသကလည်းကောင်း၊ ပထမအဖွဲ့ခွဲ၏ ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလကလည်းကောင်း၊ ဒုတိယ အဖွဲ့ခွဲ၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ က လည်းကောင်း အတည်ပြု ချက်ရယူသည်။

ထို့နောက် အစည်းအဝေးသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်များအားလုံးက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓု သုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များအား အလှူရှင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမများက ဧကတိံသတိမ (၃၁)ကြိမ်မြောက်  တစ်နေ့တာဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

(သတင်းစဉ်)