ပန်းမြတ်သော် (ကမ်းလက်)
"ဒေါ်ရင်ကြည်ရှိလား ဒေါ်ရင်ကြည်"
"ဟုတ်ကဲ့ ရှိပါတယ်"
"ရှေ့က တစ်ယောက်ပြီးရင် ဝင်မယ်နော်၊ ရော့ ဒီမှာ စာအုပ်ကိုင်ထား"
သမီးရဲ့ ဆေးခန်းကို လိုက်လာရင် ကျွန်မ လုပ်တဲ့အလုပ်က လူနာနာမည်မှတ်ပေး၊ အလှည့်ကျရင်ခေါ်ပေးနဲ့ ကျသင့်ငွေ ဆေးဖိုးဝါး ခကိုသိမ်းတာ။ သမီးက မလုပ်ခိုင်းပါဘူး။ ကျွန်မဘာသာ ဆေးခန်းကို ဇွတ်လိုက်လာ ပြီးလုပ်တာ။ မလုပ်လို့လည်း မရတော့ဘူးလေ။ တစ်နေ့တစ်နေ့ ဆေးခန်းမှာ ဇီဝိတဒါန လုပ်လုပ်ပစ်နေတဲ့ သမီးကြောင့် ဆေးခန်းဝင် ငွေက တဖြည်းဖြည်းနဲ့ အနုတ်လက္ခဏာ ဆောင်နေပြီ။ ဒီတော့ ထိန်းသိမ်းကြပ်မတ်ပေး တဲ့ ကျွန်မရှိမှသာ ဆေးခန်းရဲ့ဝင်ငွေက နာလန် ပြန်ထူနိုင်တော့မှာ။
ဒီနေ့ဆို သမီးဆေးခန်းကို ကျွန်မလိုက် လာတာ သုံးလအတိအကျပဲ။ သုံးလဆို ဆိုသ လောက်လည်း ဆေးခန်းဝင်ငွေက ကျွန်မအိတ် ထဲမှာ သိသိသာသာလေးပါနိုင်ခဲ့တယ်။ ဒီအတိုင်းသာဆို နောက်နှစ်နည်းနည်းလောက် နေရင် သမီးအတွက် သွားရေးလာရေးအဆင် ပြေအောင် ကားလေးတစ်စီးတော့ ဝယ်ပေး နိုင်လောက်မယ်ထင်တယ်။ ကျွန်မ အံဆွဲထဲက ပိုက်ဆံတွေကို စီထပ်၊ ရေတွက်နေရင်း ကိုယ့် အတွေးနဲ့ကိုယ် ကြိတ်ပျော်နေမိတယ်။
"တူမကြီး ဆေးဖိုး ဘယ်လောက်ကျလဲကွယ့်"
"ဪ အင်း ဆေးက သုံးရက်စာပေး လိုက်တာဆိုတော့ လေးထောင့်ငါးရာပါ အဒေါ်"
"ဟေ အေး အဒေါ့်မှာ နှစ်ထောင်ပဲပါလာ တယ်ကွယ်"
"ဟင်း အဒေါ်တို့ကတော့ လုပ်ပြန်ပြီ"
"မေမေရေ တစ်ထောင်ပဲ ယူထားလိုက်ပါ မေမေရယ်။ အဘွားပိုတဲ့ပိုက်ဆံကို အိမ်ပြန် ရောက်တာနဲ့ အားရှိအောင် စွပ်ပြုတ်လေး တစ်ပွဲ ဝယ်သောက်ဖြစ်အောင် ဝယ်သောက် လိုက်နော်"
"အေးပါကွယ် ငါ့သမီးဆရာဝန်မလေး ကျန်းမာ၊ ချမ်းသာလို့ ဒီထက်မက အောင်မြင် ပါစေကွယ်"
ဆေးဖိုးကို အပြည့်အဝမယူလာတဲ့ လူနာ ကို ကျွန်မ ဆူဆူအောင့်အောင့်လုပ်ဖို့ရှိသေး။ သမီးက ထွက်လာပြီး လူနာအစား ဈေးဝင် ဆစ်တော့တာပဲ။ ကျွန်မသမီးကို မျက်လုံး ပြူးပြီးကြည့်တော့ သမီးက ပြုံးရုံသာလုပ်ပြပြီး လူနာစမ်းသပ်ခန်းထဲ ပြန်ဝင်သွားတယ်။ သမီး ကြောင့် အဲဒါတွေခက်တာ။ လူနာတွေဆီက ဆေးဖိုးတောင်းပြီဆိုရင် သမီးနဲ့ကျွန်မက အမြဲ ရန်တစ်ရန်။
"သမီးက အသပြာဆရာဝန်မဟုတ်ဘဲ စေတနာဆရာဝန်သာဖြစ်ချင်တာ။ ပီတိကိုစား အားရှိတယ် မေမေရဲ့"
ဒီလိုသာ ဆေးဖိုးတွေလျှော့ယူ၊ ဆေး အလကားကုပေး၊ ဓာတ်စာဖိုးပြန်လှူနဲ့။ ကြာရင် ဆေးခန်းတော့ ပြုတ်တော့မှာပဲ။
ဟူး. . . . . .
သမီးရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ကျွန်မ မပြောသာတာနဲ့ သက်ပြင်းပဲ ချမိတော့တယ်။
ကျွန်မက သမီးဆရာဝန်မကို အကြောင်း ပြုပြီး ဒီလို ပိုက်ဆံမှ ပိုက်ဆံ၊ ငွေမှငွေဖြစ်နေ လို့ ကျွန်မကို ငွေမက်မကြီးလို့ ကွယ်ရာမှာ ဝေဖန်၊ ပြောဆိုနေကြတာတွေကို သိပါတယ်။ ဒါပေမယ့် ဘယ်သူတွေဘယ်လို ဝေဖန်ဝေဖန် ကျွန်မကတော့ ဂရုမစိုက်ဘူး။ ကျွန်မကို လောကမှာ ဟောဒီလို ငွေကို ဘုရားတစ်ဆူလို ကိုးကွယ်ရာဖြစ်မိအောင် လုပ်ခဲ့ကြတာလည်း လူထဲကလူတွေပဲလေ။
တကယ်တမ်း ပြန်တွေးကြည့်ရင် ကျွန်မအတိတ်က ယဉ်သလိုနဲ့ ကြမ်းခဲ့ရတယ်။ စောစောစီးစီး မုဆိုးမဖြစ်ဖို့ ကံပါလာတဲ့ ကျွန်မ မှာ ခင်ပွန်းသည် ဆုံးပါးသွားတော့ သမီးလေး တစ်ယောက်နဲ့ ဘာမှမလုပ်တတ်၊ မကိုင်တတ် ရယ်။ အိမ်ထောင်သက်တစ်လျှောက်လုံးက ခင်ပွန်းသည် ရှာဖွေပေးသမျှကိုသာ စားတန် စား၊ စုတန်စုနဲ့ အိမ်ရှင်မတာဝန်ကို ယူခဲ့သူဆို တော့ ခင်ပွန်း မရှိတော့တာနဲ့ ကျွန်မဘဝချာ လည် လည်တော့တာပဲ။ အဲဒီအချိန်တုန်းက ကျွန်မလည်း ဒုက္ခရောက်နေသူတို့ရဲ့ထုံးစံ အတိုင်း နီးစပ်ရာ ကောက်ရိုးမျှင်တွေကို အားကိုးတကြီးနဲ့လိုက်ပြီး ဖမ်းဆုပ်ခဲ့ဖူးတယ်။
ကျွန်မဆိုတဲ့ မိန်းမကလည်း ခင်ပွန်းနဲ့မို့ သာ အမှီရှိလို့ ခိုချင်ခိုမယ်။ ကိုယ်တိုင် အရေး ကြုံရင်တော့ တက်မရှိလည်း လက်နဲ့လှော် မယ်ဆိုတဲ့ မိန်းမစားမျိုးပဲ။ ဒါကြောင့်မို့လည်း ကျွန်မလို ငွေမရှိရင် မျက်နှာမွဲရတယ်ဆိုတဲ့ အဖြစ်မျိုး သမီးလေးမှာ မကြုံရလေအောင် ကြုံလာသမျှ လောကဓံ ရင်ဆိုင်အန်တုလို့ ကြိုးစားရုန်းကန်ခဲ့တာ။ မိန်းမသားရှာတဲ့ စီးပွားရေးမို့ ရုန်းတလှည့်၊ ကျပ်ကျပ်တလှည့်ဖြစ်ရ တယ်ဆိုပေမယ့်လည်း ကံတရားရဲ့ မျက်နှာသာ ပေးမှုကြောင့် ပညာရေးမှာ ထူးချွန်လွန်းတဲ့ သမီးလေးကို ဆေးကျောင်းပြီးအောင်တော့ ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သမီးဆရာဝန် ဖြစ်တဲ့အချိန် အိမ်ရဲ့ပိုင်ဆိုင်မှုလည်း ဗလာ ဖြစ်သွားခဲ့ပြီ။
ဆရာဝန်ဆိုတာ ဝင်ငွေကောင်းတယ်တဲ့။ ကျွန်မ ကြားဖူးခဲ့တာ။ သမီးနဲ့အတူတူ ဆေး ကျောင်းပြီးတဲ့ ကလေးမလေးတွေဆိုရင် ကိုယ်ပိုင်ဆေးခန်းတွေဖွင့်၊ ပုဂ္ဂလိကဆေးရုံ တွေမှာ အလုပ်ဝင်နဲ့ ဝင်ငွေကိုဖြောင့်လို့။ အခု ကျွန်မသမီး ဆရာဝန်မမှာတော့ ဝင်ငွေ ဟုတ်တိပတ်တိရတယ်ရယ်လို့ မရှိပါဘူး။ သမီးကို အများနည်းတူ ပုဂ္ဂလိကဆေးရုံတွေလို ဝင်ငွေကောင်းတဲ့နေရာတွေမှာ အလုပ်ဝင်စေ ချင်ခဲ့ပေမယ့် မျက်နှာကြီးရာ ဟင်းဖတ်ပါရ သလို၊ အပြုံးနဲ့ငွေကြေးလဲလှယ်ရတဲ့ အလုပ်မျိုး မို့တဲ့။ မလုပ်ချင်ဘူးဆိုပြီး သမီးက သူစိတ်အား ထက်သန်ရာ အများပြည်သူªဆေးရုံကြီးမှာသာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါပေမယ့်လည်း သမီးက အဲဒီမှာ သူရသမျှလစာတွေကို မပြေ လည်တဲ့ ဆေးရုံတက်လူမမာတွေ၊ သွေးစစ်ဖို့၊ ခွဲစိတ်ဖို့ ငွေကြေးလိုအပ်နေသူတွေကို အကုန် ပြန်လှူပေးနေပြန်တော့ သမီးရဲ့ဆရာဝန်တစ် ယောက် ဝင်ငွေဆိုတာ ဘာမှန်းတောင် ကျွန်မ မသိရတော့ဘူး။ ဒါကြောင့်လည်း ငါ့သမီးလေး ကိုယ်ပိုင်ဆေးခန်းဖွင့်ရင်တော့ ဝင်ငွေကောင်း မှာပဲလို့တွေးပြီး အခုလို ဆေးခန်းဖွင့်ဖို့ အကြံ ပေးမိပါတယ်။ သူက မရှိဆင်းရဲသားများတဲ့ ဒီလိုဆင်ခြေဖုံးရပ်ကွက်မှာ ဆေးခန်းလာဖွင့် ပြီး ဇီဝိတအလှူလာလုပ်နေတယ်လေ။ ကိ်ုယ် က ဆရာဝန်မို့ တတ်ထားတဲ့ပညာတွေနဲ့ လှူ အသက်ကို ကယ်ချင်တယ်ဆိုပေမယ့် ဆေးခန်း ငှားခတွေ၊ ဆေးဝါးပစ္စည်းတွေက ပိုက်ဆံ အများကြီး အကုန်အကျခံထားရတာ။ သမီးက ဒါတွေကို ဘယ်တော့မှ ထည့်မတွေးဘူး။ သူအလကားကုပေးလိုက်တဲ့ လူနာတွေက ဆရာမ စားဖို့ဆိုပြီး မုန့်ကလေး၊ ပဲကလေးတွေ လာပေးရင်ကိုပဲ။
"တွေ့လားမေမေ စေတနာရောင်ပြန်ဟပ် တာတွေ့လား။ သမီးကမေတ္တာထားတော့ သူတို့ကလည်း သမီးကို မေတ္တာတွေနဲ့ တခုတ် တရ ပြန်သိတတ်ကြတယ်"ဆိုပြီး မက်လောက် စရာ ဘာတန်ဖိုးမှ မရှိတာတွေနဲ့ကို သူ့မှာ ဝမ်းသာလွန်းပြီး အူရွှင်လို့၊ ကြည်နူးလို့။ ကျွန်မ မှာသာ ဒီလို အဖိုးမတန်တာတွေအတွက် ပျော်မဆုံးဖြစ်နေတဲ့ သမီးကို ကြည့်ပြီးတိုင်း ကိုယ့်ဆရာဝန်အဆင့်နဲ့ တန်ရာလောဘ မထားတတ်ရကောင်းလားလို့သာ အပြစ်တင်၊ ဆူပစ်လိုက်ချင်တော့တယ်။ ကျွန်မကတော့ ကိုယ်တိုင် လက်တွေ့မကြုံဖူးခဲ့ရတဲ့ စေတနာ တန်ပြန်တာတွေ၊ မေတ္တာရောင်ပြန်တာတွေကို အယုံအကြည်လုံးဝမရှိဘူး။ လောကမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပိုက်ဆံဆိုတာကိုပဲ ပြည့်ပြည့်ဝ၀ လိုချင်တယ်။ ဒါကြောင့်လည်း ကျွန်မရှေ့မှာ လူနာတွေက ဆေးဖိုးမပါလို့၊ မလောက်လို့၊ မရှိလို့ဆိုပြီး လာမပြောနဲ့။ မရ ဘူး။ ကျွန်မက အကြွေးမှတ်ထားပြီးတော့ကို မရရအောင် ပြောဆိုပြီး ပြန်တောင်းပစ်တာ။ ကျွန်မ ဒီလိုတွေလုပ်တိုင်း ကျွန်မသမီးကတော့ မျက်နှာပူလျက်ပေါ့။
"ဘာပြောတယ်"
စိတ်တိုတိုနဲ့ ဒေါသထွက်ပြီး အော်လိုက် တဲ့ ကျွန်မအသံက ဆေးခန်းလေးထဲ ဟိန်း ထွက်သွားတယ်။ ကျွန်မ ဒေါသမထွက် နေနိုင် ပါ့မလား။ သမီးရဲ့ လူနာတွေက တစ်ဆင့်တိုးပြီး တရားလွန်လာကြတာ။ ဆေးအလကားကု၊ ဆေးဖိုးလျှော့ယူ ရရုံတင်မဟုတ်တော့ဘူး။ အခု ဆေးရုံတက်စရိတ်ပါ လာတောင်းနေကြ ပြီလေ။
"နင်တို့တွေ ငါ့သမီးဆရာဝန်မက သဘောကောင်းတယ်ဆိုပြီး ရောင့်တက်လာ ကြတာလား။ ဘယ်လိုဆရာဝန်မျိုးက ဆေး အလကားကုပေးပြီး ဆေးရုံတက်စရိတ်ပါ ထုတ်ပေးတာရှိလို့လဲ. . . ဟင်"
"ဟို ဟို ကျွန်မ၊ ကျွန်မတို့"
"ကဲပါမေမေရယ် အဲဒါတွေ ပြောမနေပါ နဲ့။ သမီးကထုတ်ပေးမယ်ပြောထားလို့ပါ။ ရော့ ရော့ ဒီမှာအဒေါ် ပိုက်ဆံလေးသောင်းယူသွား။ ကလေးခေါ်ပြီး ဆေးရုံအမြန်ပြေးတော့။ ဒီပိ်ုက်ဆံက သွေးစစ်တဲ့နေရာမှာလိုလိမ့်မယ်၊ သွားတော့နော် သွားတော့"
"ကျေးဇူးတင်ပါတယ် ဆရာမရယ်။ ကျွန်မ ဒီပိုက်ဆံကို ပြန်ဆပ်ပေးပါ့မယ်နော်"
သမီးက ကျွန်မတားနေတဲ့ကြားက အမျိုး သမီးကို ပိုက်ဆံရအောင် ထုတ်ပေးလိုက်တယ်။
ကျွန်မမှာတော့ ဒေါသထွက်ရလွန်းလို့ သနားစိတ်ရော၊ မေတ္တာစိတ်ရော ဘာမှမရှိနိုင် ဘူး။ အဲဒီအချိန်မှာ ကျွန်မအရင်တည်းက လုပ်ဖို့ရည်ရွယ်ထားပေမယ့် သမီးမျက်နှာ ထောက်မိလို့ မလုပ်ဖြစ်လိုက်တဲ့ အရာတစ်ခု ကို လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
"ယနေ့မှစ၍ မည်သှူကိုမှ အခမဲ့ ဆေးမကုသပေးပါ။ ဆေးဖိုး အကြွေးမရပါ။ ဆေးဖိုး ဝါးခအပြည့်အဝယူလာပါ။ ဟင် မေမေ အဲဒါ ဘာကြီးလဲ၊ ဘာလုပ်တာလဲ၊ ဆေးခန်းမှာ မကပ်ပါနဲ့ မေမေရယ်၊ မသင့်တော်ပါဘူး"
သမီးက ဆေးခန်းနံရံမှာ ကွန်ပျူတာနဲ့ စာစီရေးပြီး ကပ်ထားတဲ့စာရွက်တွေကို လိုက် ဖတ်ကြည့်ရင်း မျက်စိပျက်၊ မျက်နှာပျက်နဲ့ အထိတ်တလန့်တားတယ်။
"သမီး ဒီလိုမှမလုပ်ရင် သမီးဆေးခန်းက ဘာဝင်ငွေမှမရဘဲ ပရဟိတ အသက်ကယ်ရုံ ဖြစ်တော့မယ်။ သမီးရဲ့ လူနာတွေက တအား လွန်လာပြီ။ မေမေ သည်းမခံနိုင်တော့ဘူး။ ဒီလိုဆင်းရဲသားရပ်ကွက်မှာ ဆေးခန်းလာဖွင့် တာကိုက သမီးအမှား"
"မေမေရယ် ဆရာဝန်ဆိုတာ လူ့အသက် ကို ကယ်ပေးရတဲ့သူတွေပါ။ ဒီလုပ်ရပ်က မလုပ်သင့်၊ မလုပ်ထိုက်ပါဘူး။ မလုပ်ပါနဲ့နော်။ မေမေလိုချင်တဲ့ ပိုက်ဆံတွေ ရရပါစေမယ်။ ဒီစာရွက်ကြီးတွေတော့ မကပ်ပါနဲ့မေမေရယ် နော် သမီးလူနာတွေကို မျက်နှာပူ၊ အားနာ လွန်းလို့ပါ"
အစကတော့ လူနာတွေသိဖို့ ရည်ရွယ်ပြီး ဒီစာရွက်တွေကို ကပ်ခဲ့တာ။ ဒါပေမယ့် သူ့လူနာတွေဆို သနားတတ်လွန်း၊ စာနာ တတ်လွန်းတဲ့ သမီးက ငိုတော့မယ့်မျက်နှာနဲ့ ကတိအထပ်ထပ်ပေးပြီး အတင်းကာရော တောင်းပန်လာလို့ သမီးကို သနားပြီး စာရွက် တွေကို ဖြုတ်သိမ်းပေးလိုက်ရတယ်။
"အား. . .ကျွတ် ကျွတ်. . . ကျွတ်"
ဗိုက်ညာဘက်ခြမ်းက ထိုးအောင့်နေတဲ့ ဝေဒနာကပိုပိုပြီး ခံရခက်လာတယ်။ ပြီးခဲ့တဲ့ ရက်တွေကတည်းက အဲဒီဗိုက်နာတဲ့ ဝေဒနာက ဒုက္ခပေးနေတာ။ သမီးကို ပြောပြရင် စိတ်ပူပြီး ကျွန်မအတွက်နဲ့ အလုပ်များနေမှာစိုးလို့ ကိုယ့်ဟာကိုယ် လေဆေး၊ အစာအိမ်ဆေးတွေ သောက်ပြီး ရမ်းကုလုပ်နေတာ။ အခုတော့ ဗိုက်က မခံမရပ်နိုင်အောင် တဆစ်ဆစ်နဲ့ နာလာတယ်။ သမီးကလည်း ဒီနေ့မှ ဆေးရုံက ဂျူတီချိန်းတာ နောက်ကျမယ်တဲ့။ သူလာမှ ဆေးခန်းဖွင့်ဖို့ပြောပေမယ့် ဆေးခန်းဖွင့်တာ နောက်ကျရင် ပိတ်တယ်ထင်ပြီး လူနာတွေ မရောက်လာမှာစိုးလို့ ကျွန်မတစ်ယောက် တည်း လောဘစိတ်နဲ့ ဆေးခန်းတံခါး အရင် လာဖွင့်တာ။
"အား. . ."
ဆေးခန်းတံခါးသော့ကို ဖွင့်နေရင်းက ကျွန်မတောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ နာလာ တဲ့ဗိုက်ကိုဖိပြီး မြေကြီးပေါ် ဆောင့်ကြောင့် ထိုင်အချ ကျွန်မအသိတွေ အမှောင်ကျသွား တော့တယ်။
"ဟော. . . ဆရာမအမေ သတိရလာပြီ"
"မေမေ နိုးပြီလား၊ နေသာလားမေမေ"
ဦးဆုံးမြင်လိုက်ရတဲ့ မျက်နှာကျက်အဖြူ ရောင်နဲ့ နားထဲမှာ ကြားရတဲ့အသံတွေကြောင့် ပတ်ဝန်းကျင်ကို ကျွန်မ သတိထားကြည့်မိ တယ်။ ကျွန်မဆေးရုံရောက်နေတာပဲ။ ညာဘက်ခြမ်းဗိုက်နားကလည်း နည်းနည်း နာသလို တင်းသလိုဖြစ်နေတာကလွဲလို့ စူးစူး ဝါးဝါးနာကျင်တာမျိုးလည်း ဖြစ်မနေတော့ဘူး။
"မေမေရယ်၊ အူအတက်ပေါက်တာ ခွဲတာ အချိန်မီလိုက်လို့ပေါ့။ အရင်ရက်ကတည်းက ဗိုက်အောင့် အောင့်နေတတ်တာမို့လား။ သမီး ကိုဘာလို့ မပြောပြခဲ့ရတာလဲ။ အခုတော့ ကံကောင်းလို့ပေါ့။ ဆေးခန်းကိုလာတဲ့ လူနာ တွေကတွေ့ပြီး မေမေ့ကို ဆေးရုံကို အမြန်ပို့ ပေးခဲ့ကြလို့သာပေါ့"
"ကျွန်မတို့က ဆရာမကို ပေးဖို့ကျန်တဲ့ ဆေးဖိုးကြွေးကျန်တာလေး လာပေးတာ၊ ဆေးခန်းရှေ့မှာ ဆရာမအမေလဲနေတာတွေ့လို့ လေ။ ဘာလုပ်ရမှန်းမသိတာနဲ့ ဆေးရုံပဲအပြေး ခေါ်လာလိုက်တာ"
"ကျေးဇူးတင်ပါတယ်၊ အဒေါ်တို့ရယ်၊ အဒေါ်တို့ကယ်လို့သာ မေမေ့ကို အချိန်မီ ခွဲစိတ်ပေးနိုင်လိုက်တာ။ မဟုတ်လို့ကတော့ မတွေးဝံ့စရာပဲ။ အဒေါ်တို့ကို ဘယ်လို ကျေးဇူး ပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်"
"ရပါတယ် ဆရာမရယ်၊ ဆရာမက ကျွန်မတို့ရပ်ကွက်က လူတွေရဲ့ အသက်တွေကို ကယ်ပေးခဲ့တာ မနည်းတော့ပါဘူး။ ဆရာမရဲ့ ကျေးဇူးတွေကသာ ဆပ်မကုန်တာပါ။ ဪ ဒါနဲ့၊ ဆရာမအမေလည်း သတိရ လာပြီဆိုတော့ ဆရာမ အိမ်ခဏပြန်နားဦး လေ၊ ဆရာမအမေကို ကျွန်မတို့တွေတစ်လှည့် စီစောင့်ပေးထားပါ့မယ်။ စိတ်ချပြန်ပါ"
"သမီးနဲ့ သမီးကူညီခဲ့ဖူး၊ အခမဲ့ဆေးကု ပေးခဲ့ဖူးတဲ့ သူ့လူနာတွေက ကျေးဇူးတင်စကား တွေကို အပြန်အလှန် ဖလှယ်နေကြတယ်။ ကျွန်မကတော့ ဘာစကားကို ဘယ်လို ဝင်ပြောရမှန်းတောင် မသိတော့ဘူး။
"တကယ်တမ်း အရေးကြုံတော့ သမီး နဲ့အမေ ဒီနှစ်ယောက်တည်းသာရှိတဲ့ ကျွန်မ တို့မှာ ဟိုဟာလေးခိုင်းခိုင်း၊ ဒီဟာလေးခိုင်းခိုင်း သမီးလူနာတွေကိုပဲ အားကိုးနေရတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ အိမ်ကို ပြေးလိုက်လွှားလိုက် လုပ်ပြီး ပင်ပန်းနေရှာတဲ့ သမီးမှာလည်း ကျွန်မ ဝေယျာဝစ္စနဲ့ပတ်သက်ပြီး မလုပ်အားလို့ သူ့လူနာတွေနဲ့သာ မျက်နှာလွှဲထားရတယ်။ သူတို့ကလည်း ဗိုက်ခွဲထားရလို့ မလှုပ်နိုင်၊ မရှားနိုင်ဖြစ်နေတဲ့ ကျွန်မကို အညစ်အကြေး ကအစ အောက်ခြေသိမ်း အကုန်လိုက်လုပ် ပေးပြီး။
"ဆရာမအမေခိုင်းပါနော်၊ အားမနာနဲ့ နော်၊ ဘာလုပ်ပေးရဦးမလဲ။ ဆရာမက ကျွန်မ တို့ရဲ့ အသက်သခင်ကျေးဇူးရှင်ဆိုတော့ ဆရာမ အမေကလည်း ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပါပဲ"
"ဆိုတဲ့စကားကိုသာ ပါးစပ်ဖျားကမချ။ ကျွန်မမျက်နှာရိပ်၊ မျက်နှာကဲကိုကြည့်ပြီး အလိုက်တသိ လုပ်ပေးကြပါတယ်။ ဒီလိုဆို တော့လည်း ကျွန်မမှာတစ်ချိန်က သူတို့အပေါ် မောက်မောက်မာမာ ပြောခဲ့ဆိုခဲ့၊ မချေမငံ ဆက်ဆံခဲ့ဖူးတာတွေကို ပြန်တွေးမိပြီး မျက်နှာ ပူမိရပြန်တယ်။ တော်သေးတာပေါ့။ ကျွန်မက သမီးရဲ့ ဖြူစင်တဲ့စိတ်စေတနာတွေကို လောဘတွေ၊ အတ္တတွေနဲ့ အမြင်မှားအောင် စည်းခြားထားခဲ့မိတာ။ သမီးရဲ့လူနာတွေက ကျွန်မခြားထားတဲ့ အတ္တစည်းရဲ့ အခြားတစ် ဖက်မှာရှိမနေခဲ့လို့။