ပြီးခဲ့သည့် ရက်သတ္တပတ်တစ်ခုလုံး ရန်ကုန်လူထု၏ စိတ်ဝင်စားမှုအမြင့်မား ဆုံးမှာ ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker -2 ရိုက်ကွင်း များပင် ဖြစ်သည်ဟု ဆိုရမည်။ လူမှုကွန်ရက်များ၊ ရုပ်/သံ၊ သတင်းစာများ စသည့် မီဒီယာများမှတစ်ဆင့် တွေ့မြင်သိရှိကြရခြင်းကြောင့် ရန်ကုန်နယ်နိမိတ်ပြင်ပ ဒေသအသီးသီးမှ ပြည်သူများကလည်း စိတ်ဝင်တစား ရှိခဲ့ကြသည်။ ပရိသတ်အကြိုက်လှုပ်ရှားမှုအသားပေး ရုပ်ရှင်ဇာတ်ကား များ၏ ရိုက်ကွင်းနှင့် ကင်မရာနောက်ကွယ်မှ ဖန်တီးမှုများ၊ ကြိုတင်ပြင်ဆင်မှုများ၊ စီမံခန့်ခွဲပုံများ၊ လေ့ကျင့်မှုများ စသည်တို့ကို မျက်ဝါး ထင်ထင်တွေ့မြင်ရပြီး အံ့ဩဘနန်းလည်းဖြစ်ခဲ့ကြရသည်။ ဒါရိုက်တာ နှင့်တကွ သရုပ်ဆောင်များ၊ ရိုက်ကူးရေးအဖွဲ့သားများ၊ ကင်မရာသမား များအပါအဝင် အဖွဲ့ဝင်များက မိမိတို့၏ ဆောင်ရွက်ရမည့်အလုပ်များကိုကျွမ်းကျွမ်းကျင်ကျင်၊ အချိတ်အဆက်မိမိ၊ သွက်သွက်လက်လက်လုပ်ကိုင်ဆောင်ရွက်ကြကာ မိမိတို့လိုချင်သည့် အရည်အသွေး မရမချင်း အကြိမ်ကြိမ် ပြုလုပ်ရယူကြသည်ကို လေးစားအတုယူဖွယ် တွေ့မြင်ခဲ့ကြရသည်။ အသက်မွေးမှု တစ်ခုပညာဆိုသည့်အတိုင်း အတတ်ပညာ ကျွမ်းကျင်မှု မြင့်မြင့်မားမားဖြင့် ပညာရှင်အဆင့် အသက်မွေးဝမ်းကျောင်း ကြသည့် Professional တို့၏ သဘောကိုလည်း စောကြောမိကြသည်။
တစ်ချိန်တည်းမှာပင် မြန်မာတို့၏ အချစ်တော် ကချင်နွယ်ဖွား ကိုယ်ခံပညာပေါင်းစုံ အတိုက်အခိုက်ပညာရှင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ၎င်း၏ ချန်ပီယံဘွဲ့ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများကို အပြင်းအထန် ပြုလုပ်နေကြောင်း၊ ၎င်းရင်ဆိုင်ရမည့် စိန်ခေါ်သူပြိုင်ဘက်ကို အနိုင်ယူနိုင်ရေးအတွက် ပြိုင်ပွဲစီမံချက်ရေးဆွဲခြင်း၊ ပြိုင်ဘက်၏ အားသာချက် အားနည်းချက်များကို လေ့လာခြင်း၊ ၎င်းထက်ပို၍ အင်အားကြီးမားသူ ဟဲဗီးဝိတ်ကစားသမားများနှင့် ယှဉ်တွဲလေ့ကျင့်ခြင်းတို့ ပြုလုပ်နေကြောင်း သတင်းများကိုလည်း ဖတ်ရှုခဲ့ရသည်။ ကမ္ဘာ့ချန်ပီယံအဆင့်သို့ ရောက်ရှိလာခဲ့သော အောင်လအန်ဆန်၏ ကစားသမား သက်တမ်းတစ်လျှောက်တွင် အောင်ပွဲများရှိခဲ့သလို ရှုံးနိမ့်ခဲ့ရသော ပွဲများလည်း ရှိခဲ့သည်။ အလွယ်တကူသက်သက်သာသာဖြင့် ကမ္ဘာ့ချန်ပီယံဘဝသို့ ရောက်ရှိခဲ့ရခြင်းမဟုတ်ဘဲ အောင်ပွဲရရှိရေးအတွက် ဦးတည်ကာ စနစ်တကျစီမံခန့်ခွဲခြင်း၊ မိမိ၏ အားနည်းချက်များကို ပြုပြင်ခြင်း၊ အကြိမ်ကြိမ်အထပ်ထပ်လေ့ကျင့်ခြင်း၊ ရင်ဆိုင်ရမည့် ပြိုင်ဘက်ထက်ပို၍ အင်အားကြီးသူ၊ သာသူများနှင့် ကြိုတင်ယှဉ်ပြိုင်အတွေ့အကြုံယူခြင်း စသည့် ပွဲမဝင်ခင် အပြင်က ကျင်းပမှုများကို ဇွဲနပဲဖြင့် ပြုလုပ်တတ်သူဖြစ်ကြောင်းလည်း ၎င်းနှင့်အင်တာဗျူးများတွင် မကြာခဏ တွေ့မြင်သိရှိကြရသည်။
လေ့ကျင့်သင်ကြားမှု လိုအပ်သည့် အတတ်ပညာတစ်ရပ်ရပ်ကိုကျွမ်းကျွမ်းကျင်ကျင်ပေါက်မြောက်အောင်မြင်စွာ တတ်မြောက်ပြီး ယင်း အတတ်ပညာဖြင့်ပင် အခကြေးငွေယူကာ အသက်မွေးဝမ်းကျောင်းမှုကိုဂုဏ်ယူစွာလုပ်ကိုင်ကြသူများမှာ Professional များပင်ဖြစ်သည်။ အနုပညာနယ်ပယ်၊ အားကစားနယ်ပယ်တို့တွင်သာမက ဥပဒေ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ သတင်းမီဒီယာ၊ စီမံခန့်ခွဲမှုစသည့် နယ်ပယ်များစွာ တို့မှာ Professional များစွာတို့ အသက်မွေးနေကြသည်။ ပညာ ခေတ်တွင် ပညာဖြင့် အသက်မွေးဝမ်းကျောင်းကြရာ၌ ပညာပြည့်ဝသူ(တစ်နည်း) ပညာရှင်များသာ ထိပ်တန်းအဆင့်သို့ တက်လှမ်းနိုင်သည်ဟုနှလုံးသွင်းလျက် လုံ့လအားထုတ်ကာ ပညာကို ဆည်းပူးနိုင်ကြပါစေ ကြောင်း။ မြန်မာ့အလင်း