ရန်ကုန် မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်ရှိ အတုလမာရ ဇိန်ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်ကြီးအား ရောင်တော်ဖွင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူ ဇော်မင်္ဂလာအခမ်းအနားကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုကကြီးမှူး၍ ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သာကေတမြို့နယ် တိပိဋကလင်္ကာရ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦးဌေးအောင်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟို နာယကများ၊ ဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ကမာရွတ်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာဆရာတော်၊ သံဃာတော်များက အတုလမာရဇိန်ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်ကြီးအား ရောင်တော်ဖွင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ကြပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသည့်ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက်ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦးဌေးအောင်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုနာယကများ၊ ဥက္ကဋ္ဌ ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ် အမှုဆောင်များ၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(ကိုကိုဇော်-သတင်းစဉ်)