၁၁ ဖေဖော်ဝါရီ
ရာသီကား နွေနှောင်းရာသီ။ ရာသီဥတုလေးက အေးမြမြ။ နွေလေရူးတို့က တစ်ချက်တစ်ခါအဝှေ့တွင် ရော်ရွက်ဝါလေးများ လေမှာဝဲ၊ မြေမှာ ကျဲပြန့်နေ သည်။ ပတ်ဝန်းကျင်တောရိပ်တစ်ခိုကြည့်လိုက်လျှင် မင်းလွင်မြူခိုးတို့က ဝေစပြုနေပြီ။
အငြိမ်းစားဆရာ ဦးဘမြင့်သည် နံနက်စောစော အိပ်ရာမှထပြီး ညဦးက ကြွေကျနေသော သစ်ရွက်များကို တံမြက်စည်းဖြင့် သိမ်းပြီးနောက် ထမင်း ကြော်စားရင်း ရေနွေးသောက် အနားယူနေသည်။
နံနက် ၇ နာရီခွဲခန့်အချိန်တွင် ''ဦးဦးနဲ့ တွေ့ပါ့မလားလို့ သမီးဖြင့် စိတ်ပူပူနဲ့ လာခဲ့ရတာ''” ပြောပြောဆိုဆို တူမလေး မေစပယ်ဖြူ ရောက်လာသည်။
မေစပယ်ဖြူသည် ဆရာဦးဘမြင့်၏ ညီမအငယ်ဆုံးက မွေးသောသမီး။ဘီအီးဒီဆင်း အထက်တန်းပြ။ အသက်က ၂၅ နှစ်။ တာဝန်က မုံရွာမြို့ အထက (၇) မှာဖြစ်သည်။
''ဘာကိစ္စ စိတ်ပူရတာလဲသမီး''
''ဦးဦးရေ ဒီလို။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံကလေးများနေ့)အကြိုဟောပြောပွဲပြောဖို့ သမီးကို ကျောင်းအုပ်ဆရာကြီးက တာဝန်ပေးထားတာ။ ဘယ်လိုပြောရမလဲလို့ ဦးဦးဆီ အကူအညီတောင်းဖို့ လာခဲ့တာပဲ''”
''သမီးလည်း ငယ်စဉ်စာသင်တုန်းက ဗိုလ်ချုပ်နဲ့ ပတ်သက်တာတွေ သင်ခဲ့ရမှာပဲ။ မှတ်မိသလောက် ဦးဦးကိုအရင်ပြောပြလေ။ ဦးဦးက လိုတာ ဖြည့်စွက်ပြောပေးမယ်''”
တူမလေး မေစပယ်ဖြူ သူမှတ်မိသမျှ ပြောပြသည်။
''ဗိုလ်ချုပ်ကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ မိဘနှစ်ပါးကတော့ ရှေ့နေ ဦးဖာနဲ့ ဒေါ်စုတို့ဖြစ်တယ်။ မြို့လုလင်သူကြီး ဦးမင်းရောင်ဟာ ဗိုလ်ချုပ်ရဲ့ အဘိုးဖြစ်တယ်။ ခုနစ်နှစ်အရွယ်ရောက်တော့ ဘုန်းတော်ကြီး ဦးသောဘိတရဲ့ မြန်မာစာသင်ကျောင်းမှာ ပညာသင်ခဲ့တယ်။ ၁၉၃၂ ခုနှစ်မှာ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက် ခဲ့တယ်။ ငယ်နာမည်က မောင်ထိန်လင်း ဖြစ်တယ်။ ဒီလောက်ပဲ မှတ်မိတယ် ဦးဦး''”
''သမီးက မဆိုးပါဘူး။ တော်တော်လေးမှတ်မိသားပဲ။ ဗိုလ်ချုပ်က ငယ်စဉ်ကစပြီး လိမ်ညာမပြောတတ်ဘူး။ ရိုးသားတယ်။ ဗိုလ်ချုပ်မှာ မွေးချင်း ကိုးယောက်ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အငယ်ဆုံးသားထွေး။ ဗိုလ်ချုပ်ရဲ့ အစ်ကို ဦးဘဝင်းက တတိယသားကြီးကွဲ့ ။ အစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း တိုင်းပြည်အတွက် မွေးဖွားလာဖို့ ဗိုလ်ချုပ်ကို စနစ်တကျပြုစုပျိုးထောင်ပေးတဲ့ သူဟာ ဦးဘဝင်းပဲ''”
''ဦးဘဝင်းက အင်္ဂလိပ်စကားပြောအလွန်ကောင်းတယ်လို့ ပြောကြ တယ်။ ဟုတ်လား ဦးဦး''”
''ဟုတ်တယ်ကွဲ့ ။ သူက အင်္ဂလိပ်စာကောင်းတော့ သူ့ညီ ကိုအောင်ဆန်း ကိုလည်း အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးတယ်။ ကိုအောင်ဆန်းကို တစ်ပတ်တစ်ခါ ရုပ်ရှင်ကြည့်ခွင့်ပေးတယ်။ ကြည့်လာတဲ့ ရုပ်ရှင်ကားကို အင်္ဂလိပ်လိုအရေးခိုင်းသလို အင်္ဂလိပ်လိုလည်း ပြန်ပြောခိုင်းတယ်။ အဲဒီလို လေ့ကျင့်ပေးတဲ့သူ''လို့ပြောပြီး ဦးဘမြင့် ရေနွေးတစ်ခွက် ငှဲ့သောက်လိုက်သည်။
''ဗိုလ်ချုပ်က ဒေါ်ခင်ကြည်နဲ့ အသက်ဘယ်လောက်မှာ လက်ထပ်လိုက် တာလဲ ဦးဦး''”
''ဒေါ်ခင်ကြည်က ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာမွေးတယ်။ ဗိုလ်ချုပ်က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာမွေးတယ်။ ဒီတော့ ဒေါ်ခင်ကြည်က ဗိုလ်ချုပ်ထက် သုံးနှစ် နှစ်လကျော်ကြီးတယ်။ ဗိုလ်ချုပ်က ၂၇ နှစ်၊ ဒေါ်ခင်ကြည်က အသက် ၃ဝ မှာ နတ်မောက်ဇာတိ တောသားလေးနဲ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြသူတို့ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက် နေ့ မွန်းလွဲ ၂ နာရီအချိန် လက်ထပ်ကြတယ်''”
''ကဲ ဘာမေးဦးမလဲသမီး''”
တူမလေးမေစပယ်ဖြူ ဘာမေးရမှန်းမသိ၍ ခဏငြိမ်နေပြီးမှ ဆက်ပြော သည်။
''ဦးဦးကောင်းမယ်ထင်တာလေး ပြောပြပေးပါ''”
''တက္ကသိုလ်ကျောင်းသားဘဝကနေ ဗိုလ်ချုပ်လုပ်ဆောင်ချက်လေးတွေ အကျဉ်းချုပ်ပြောပြမယ်လေ။ ပြောမယ်ဆိုရင်တော့ မကုန်ပါဘူးကွယ်''”
''ဦးနှောက်နဲ့ မှတ်ရင် မှတ်မိမှာမဟုတ်ဘူး။ သမီးလိုက်ရေးမယ်''” လို့ ပြောပြီး စာအုပ်နဲ့ ဘောပင်ထုတ်ပြီး လိုက်မှတ်သည်။
''၁၉၃၂ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်တယ်။ ဗိုလ်ချုပ်ဟာ တက္ကသိုလ်ရောက်တဲ့အခါမှာ ပညာကြိုးစားသလို နိုင်ငံရေး ဗဟုသုတကိုလည်း လေ့လာတယ်။ ဗိုလ်ချုပ်က သူငယ်ချင်းတွေနဲ့ စကားပြော တိုင်း ပညာရှိမှ၊ ဗဟုသုတရှိမှ တိုင်းပြည်အကျိုးဆောင်ရွက်နိုင်မယ်လို့ ပြော တယ်။ အင်္ဂလိပ်တွေနဲ့ အပြိုင်အဆိုင် တိုက်ပွဲဝင်ရမှာဖြစ်လို့ အင်္ဂလိပ်စကားပြော များများလေ့ကျင့်ရမယ်လို့လည်း ပြောတယ်။
''ဗိုလ်ချုပ်ဟာ တက္ကသိုလ်ပညာသင်ကြားနေတုန်းမှာပဲ ကျောင်းသား အရေးကိစ္စတွေကို ဦးဆောင်ပြီး ဆောင်ရွက်ပေးတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးစီးထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာဖြစ်လာခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ တည်ကြည်ရိုးသားမှု၊ ဖြောင့်မတ်မှုနဲ့ ဇွဲသတ္တိရှိမှုတို့ကြောင့် မြန်မာ ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးရဲ့ ဥက္ကဋ္ဌတင်မြှောက်ခြင်း ခံခဲ့ရတယ်။ ဗိုလ်ချုပ်ဟာ ဘီအေအောင်ပြီးတဲ့နောက် ၁၉၃၈ ခုနှစ်မှာ တို့ဗမာ အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး သခင်အောင်ဆန်းရယ်လို့ လူသိများလာခဲ့တာကွဲ့။''”
တူမလေးခေါင်းမဖော်နိုင်အောင် လိုက်ရေးနေရလို့ ဦးဘမြင့် ခဏနားပြီး ရေနွေးသောက်နေသည်။
''ကဲ လက်ညောင်းပြေပြီဆိုရင် လိုက်ရေးတော့။ ဗိုလ်ချုပ်ဟာ သဘော ထားကြီးတယ်။ သတ္တိလည်း ရှိတယ်။ ရန်ငြိုးလည်း မထားဘူး။ သူလုပ်သမျှ အလုပ်တွေအားလုံးဟာ တိုင်းပြည်အတွက်သာဖြစ်တယ်။ ဒုတိယက္ဘာစစ် ပြီးခါစ ၁၉၄၅ ခုနှစ် မေလ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ် စစ်ဗိုလ်ချုပ် ဝီလျံဆလင်းက နိုင်ငံရေးဆွေးနွေးဖို့ သူတို့ ယာယီစစ်ဌာနချုပ် မိတ္ထီလာကို လာတွေ့ဖို့ ဖိတ်ခေါ်တယ်။ ဆွေးနွေးပြီးရင် ဘာမှအနှောင့်အယှက် မပေးဘဲ ပြန်ပို့ပေးမယ်လို့လည်း ကတိပေးတယ်။
သူတို့နှစ်ယောက်တွေ့တော့ အင်္ဂလိပ်စစ်ဗိုလ်ချုပ်က မျက်နှာထားတင်းတင်းနဲ့ ခင်ဗျားဟာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားကို အခု ကျုပ်ဖမ်းချုပ်နိုင်တယ်ဆိုတာ သိရဲ့လားလို့ ဗိုလ်ချုပ်ကိုမေးတယ်။ အဲဒီအခါ ဗိုလ်ချုပ်က သိပါတယ်လို့ အေးအေးဆေးဆေး ပြန်ပြော တယ်။ အဲဒီအခါမှာ အင်္ဂလိပ်စစ်ဗိုလ်ချုပ်က ဒါဖြင့် ခင်ဗျားကို ကျုပ်က ဖမ်းချုပ် ချင် ချုပ်ထားမှာပဲလို့ မစဉ်းစားမိဘူးလားလို့ မေးလိုက်တယ်။ ဗိုလ်ချုပ်က မတွေးမိဘူးလို့ တိုတိုပဲ ပြန်ဖြေလိုက်တယ်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ်ဟာ အံ့သြတဲ့ မျက်နှာနဲ့ ဘာဖြစ်လို့ မစဉ်းစားမိတာလဲလို့ ပြန်မေးတယ်။ အင်္ဂလိပ်တွေက ကတိတည်တဲ့ လူမျိုးတွေဖြစ်လို့ပဲလို့ အေးအေးဆေးဆေး ဗိုလ်ချုပ်က ပြန်ဖြေ တယ်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးကရယ်ပြီး ကျုပ်တို့ အင်္ဂလိပ်လူမျိုးများ အပေါ်မှာ အခုလိုသဘောထားပါလျက်နဲ့ ဘာဖြစ်လို့ ကျုပ်တို့အင်္ဂလိပ်တွေကို မြန်မာပြည်က မောင်းထုတ်ချင်တာလဲလို့မေးတယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်က ကျွန်တော်ဟာ ခင်ဗျားတို့ အင်္ဂလိပ်လူမျိုးတွေကို မမုန်းပါဘူး။ ဒါပေမယ့် အင်္ဂလိပ်ဖြစ်ဖြစ်၊ ဂျပန်ဖြစ်ဖြစ် ဘယ်နိုင်ငံခြားသားပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်ကို သခင်လုပ်ပြီး အုပ်ချုပ်နေတာကိုတော့ အလိုမရှိဘူးလို့ ယဉ်ကျေးစွာ ပြန်ပြောသတဲ့''”
''သမီးရယ် ဒီအချက်လေးကတော့ ကောင်းတော့။ ဟောပြောတဲ့အခါ သေသေချာချာပြောနော်။ ဆက်ပြောရဦးမလား''”
''အတော်လေးများနေပါပြီ ဦးဦးရယ် နိဂုံးချုပ်ပါတော့''”
''ဗိုလ်ချုပ်ဟာ ဘယ်သူ့ကိုမဆို မေတ္တာနဲ့ဆက်ဆံတယ်။ သဘောထား ကြီးတယ်။ သတ္တိရှိသလို အရည်အချင်းလည်းရှိတယ်။ ဖြောင့်မတ်သလို အကျင့်စာရိတ္တလည်း ကောင်းတယ်။ ဗိုလ်ချုပ်ကို သတိရဂုဏ်ယူနေရုံနဲ့မပြီးဘူး၊ ဗိုလ်ချုပ်ရဲ့ အရည်အချင်းတွေကို အတုယူပြီး ကြိုးစားကြရမယ်လို့ ကလေးတွေကို ပြောရမယ်နော်။ ဒါ့အပြင် တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် အသက် နဲ့လဲပြီး ကြိုးစားသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ရင် သူ့လိုအကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရမယ်။
ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့ဆိုပေမယ့် ဗိုလ်ချုပ်သေသွားပေမယ့် နာမည်က ဘယ်တော့မှ မသေဘူးကွဲ့။ ဗိုလ်ချုပ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် ဗိုလ်ချုပ်ကို ကမ္ဘာတည်သရွေ့ အစဉ်သတိရနေမည်မှာမလွဲဧကန်ပါပဲ''”
''ဦးဦး ပြီးပြီလား''”
''ပြီးတယ်လို့တော့ ဘယ်ဟုတ်မလဲ။ ဗိုလ်ချုပ်အကြောင်း ပြောလို့မကုန်နိုင်ဘူး။ ခုလောက်ပြောရင်လည်း သမီးအတွက် အဆင်ပြေမှာပါ။ သမီးပြန် ချင်ရင်လည်း ပြန်လို့ရပါပြီ''”
တူမလေး မေစပယ်ဖြူ သူ့ဆန္ဒပြည့်ဝသွားလို့ အပြုံးပီတိများနှင့် ပြန်သွားလေသည်။ ။
မောင်စိန်လွင်(မင်းကင်း)