ကျိုင်းတုံ၊ ၁၉ ဒီဇင်ဘာ
အုပ်စုဖွဲ့၍ ကျိုင်းတုံမြို့မှ မော်တော်ဆိုင်ကယ်များ ခိုးယူနေသူ (၂၃)ဦးနှင့် ၎င်းတို့ ခိုးယူခဲ့သည့် ဆိုင်ကယ် (၃၅)စီးကို ကျိုင်းတုံမြို့မရဲစခန်းက ဖော်ထုတ်သိမ်းဆည်းရမိထားကြောင်း သိရသည်။
“ကိုဗစ်ကာလ ပြည်သူတွေ အသွားအလာသိပ်မရှိတာကို အခွင့်ကောင်းယူပြီး ကျိုင်းတုံမှာ ဆိုင်ကယ် ခိုးယူမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)မှ ရဲမှူးကြီး အေးသိန်းရဲ့ ကြီးကြပ်မှုနဲ့ အတူ ဒီနှစ် စက်တင်ဘာ ၁ ရက်မှာ ဆိုင်ကယ်ခိုးသူတစ်ဦး ကျွန်တော်တို့ စတင်ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့အတူ ခရိုင်မှုခင်း နှိမ်နင်းရေး တာဝန်ခံ ရဲအုပ်သန်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျွန်တော်ဦးစီးတဲ့ နယ်ထိန်း တပ်ဖွဲ့ဝင်တွေဟာ ဆိုင်ကယ်ခိုးယူသူ (၂၃)ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ခိုးယူခဲ့တဲ့ ဆိုင်ကယ် (၃၅)စီးကိုလည်း ဖော်ထုတ်ရမိခဲ့တာ ဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့မရဲစခန်းက ဒုတိယရဲအုပ် လင်းလင်းထွန်းက ပြောသည်။
ပြစ်မှုကျူးလွန်သူများကို မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ပျောက်ဆုံးနေသော ဆိုင်ကယ်များ စုံစမ်းဖော်ထုတ်ရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)