နေပြည်တော် မေ ၁၆

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုသင်တန်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထားများ ပိုမိုကောင်းမွန်လာစေရန်၊ နိုင်ငံ့ဝန်ထမ်း များ သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန်၊ ပြည်တွင်း/ပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို လေ့လာ သိရှိစေရန်၊ ကောင်းမွန်သောအုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှုသဘောတရားများကို သိရှိနားလည်စေရန် နှင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် အားကောင်းစွာ၊ အဂတိတရား ကင်းရှင်းစွာ၊ ခွဲခြား ဆက်ဆံမှု ကင်းရှင်းစွာဖြင့်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့် အညီ ဝန်ဆောင်မှု ပေးနိုင်စေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်း ဖြစ်ကြောင်း။

သင်တန်းတွင် တက္ကသိုလ်ရှိ ပညာဌာနကြီး(၈)ခုမှ စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးမည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြားဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ ၄င်းတို့၏ လုပ်ငန်းဆိုင်ရာများနှင့် သိသင့်သိအပ်သည့် အကြောင်းအရာ များကိုလည်း လာရောက်ပို့ချပေးမည်ဖြစ်ပြီး၊  ပြည်တွင်း/ပြည်ပမှ အသိပညာရှင် ကျွမ်းကျင် ပညာရှင်များမှလည်း လာရောက်ဆွေးနွေး ပို့ချပေးမည်ဖြစ်၍ အထူးဂရုပြုလေ့လာ မှတ်သားကြရန် မှာကြားလိုကြောင်း။

သင်တန်းအတွက် သတ်မှတ်ထားရှိသည့် ကိုဗစ်ရောဂါ  ကူးစက်ပြန့်ပွားမှုမရှိစေရေး သတ်မှတ် ထားသော စည်းကမ်းများ၊ သင်တန်းဆိုင်ရာ စည်းကမ်း၊ တည်မြဲအမိန့်၊ ဒေသန္တရအမိန့်နဲ့ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး မိမိဌာနအဖွဲ့အစည်း၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ကြရန် မှာကြားသည် ။

အဆိုပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား(၁၁၉)ဦး၊ သင်တန်းသူ(၁၂၉)ဦး၊ စုစုပေါင်း(၂၄၈)ဦးတို့ တက်ရောက်ပြီးသင်တန်းကာလမှာ မေ ၁၆ ရက်မှ ဇူလိုင် ၂၂ ရက်အထိ ရက်သတ္တ ( ၁၀ )ပတ် ကြာမြင့်မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် တက္ကသိုလ် ပင်မရုံး အစည်းအဝေးခန်းမတွင် တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၏ လေ့ကျင့်သင်ကြားမှု၊ တွေးခေါ် မျှော်မြင်နိုင်မှု၊ နိုင်ငံတကာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရေးတို့အတွက် လေ့ကျင့်သင်ကြားမှုစွမ်းရည်မြှင့်တင်ရန် ဆောင်ရွက်သွားမည့် အစီအမံများကို တက္ကသိုလ်မှ တာဝန်ရှိသူများကို တွေ့ဆုံမှာကြားပြီး ဆွေးနွေးတင်ပြချက်များအရ ကြုံတွေ့ရသော အခက် အခဲများအပေါ် ပြန်လည်ဆွေးနွေးဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)