နေပြည်တော် ၂၅ ဇွန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် “အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ”ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်ရာတွင် ပြည်နယ်မှပူးပေါင်း ပါဝင်သွားမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကို ချက်ချင်းပပျောက်အောင် မဆောင်ရွက်နိုင်ဘဲ ထိန်းချုပ်ပြီး တဖြည်းဖြည်းလျော့နည်းအောင်သာလုပ်၍ရပြီး ထိုသို့လျော့နည်းရန် လူတိုင်းအသိပညာရှိကာ အဂတိတရားလေးပါး ကင်းရန်လိုပါကြောင်း၊ နယ်မြေ/ဒေသ အလိုက် မူးယစ်ကင်းစင်ရန်၊ အမှိုက်ကင်းစင်ရန်အပြင် အဂတိကင်းစင်ရန် ဆောင်ရွက်ရာတွင် အဂတိကင်းစင်သော နယ်မြေငယ်မှ တဖြည်းဖြည်းကျယ်ပြန့်လာအောင် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က အဂတိလိုက်စားမှုသို့မဟုတ် အကျင့်ဖောက်ပြန်မှုသည် အစိုးရရုံးဌာနများ၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် လူ့အဖွဲ့အစည်း အသီးသီးတွင် ကျယ်ပြန့်စွာလှိုက်စားဖျက်ဆီးနေသည့် တိတ်တိတ်ပုန်း အကျင့်ဆိုးတစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးအဆင့်ကို လျော့နည်းကျဆင်းစေ၍ လူ့အခွင့်အရေး ဖောက်ဖျက်မှုများဆီသို့ ဦးတည်စေသည့်အပြင် အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် အများယုံကြည်လက်ခံနိုင်စွမ်းဆုံးရှုံးစေခြင်း၊ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေများကို လမ်းလွှဲ သို့ရောက်ရှိစေခြင်း၊ အထွေထွေကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်စေခြင်းနှင့် လူ့အဖွဲ့အစည်းများတွင် တန်းတူညီမျှမှုနှင့် သင့်တော်မျှတမှု ပျောက်ဆုံးခြင်းတို့ကို ဖြစ်ပေါ်စေလျက်ရှိပါကြောင်း။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ကော်မရှင်တစ်ခုတည်းသို့မဟုတ် အစိုးရဌာနများဘက်ကချည်းသာ လုပ်ဆောင်ရသည့် အလုပ်မျိုးမဟုတ်ဘဲ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစုအဖွဲ့အလိုက်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်လည်း ပါဝင်ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ပါကြောင်း ၊ အဂတိလိုက်စားမှု(သို့မဟုတ်) အကျင့်ဖောက်ပြန်မှုကို တိုက်ဖျက်ရာတွင် အကျင့်ဖောက်ပြန်မှုများ ဆက်လက်မလုပ်ဖြစ်စေရန် အတွက် မိမိကိုယ်ကိုမိမိပြုပြင်ပြောင်းလဲစေခြင်းသည်သာလျှင် အဓိကလိုရင်းဖြစ်ပါကြောင်း။
အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုများသည် နယ်စပ်ဒေသများတွင် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ တောရိုင်းတိရစ္ဆာန်ကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် ကုန်သွယ်မှုနှင့် အခြားနယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ကျူးလွန်သော ပြစ်မှုအားလုံးလိုလိုနှင့် ဆက်စပ်ပြီးရှုပ်ထွေးသောကွင်းဆက်များ၏ အခြေခံပြဿနာဖြစ်ကြောင်း၊ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံးက အဂတိ လိုက်စားမှုကိုလုံးဝသည်းမခံ၊ ခွင့်မလွှတ်သောမူဝါဒချမှတ်လျက် ဖြောင့်မတ်တည်ကြည်မှု အစု အဖွဲ့အဖြစ်စုဖွဲ့ပြီးအဂတိလိုက်စားမှုကို စုပေါင်းအင်အားဖြင့် တပြိုင်နက်တိုက်ဖျက်သွားနိုင် ကြမည်ဆိုပါက အဆိုပါဒုစရိုက်ကွင်းဆက် အများအပြားကို သေချာဖြတ်တောက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “ဖြောင့်မတ်တည်ကြည်မှုရှိသော အုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာတင်မောင်သန်း(သင့်ဘဝ)က “ဖြောင့်မတ်တည်ကြည်မှုရှိသော အုပ်ချုပ်ရေး ကဏ္ဍ”၊ ကုန်သည်/စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က “ ဖြောင့်မတ် တည်ကြည်မှုရှိသောစီးပွားရေးကဏ္ဍ”၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က “အများပြည်သူ ဝန်ဆောင်မှု၌ ဖြောင့်မတ် တည်ကြည်မှု” ဘားအံမြို့မှ ဒေသခံစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်ဦးစောဟန်အေး က“ ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများ”၊ ဘားအံမြို့ မှ ဒေသခံ CSO ကိုယ်စားလှယ်ဦးစောကျော်ဇွာက“ ဖြောင့်မတ်တည်ကြည်မှုရှိသော CSO ကဏ္ဍ”၊ UNDP ကိုယ်စားလှယ်ဦးအောင်ထွန်းက“အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှု”ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


