ကိုရင်ဩ - ရေးသားသည်
သင်္ကြန်တော် အခါကာလ သိကြားနတ်မင်း လူ့ပြည်သို့ဆင်းလာချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် အကြီးကျယ်ဆုံးသော ရွေးကောက်ပွဲကြီးအဖြစ် ခေါ်နိုင်အံ့လောက်သည့်ရွေးကောက်ပွဲကြီးတစ်ပွဲကို ကျွန်ုပ်တို့၏ အိမ်နီးချင်း မဇ္ဈိမဒေသရှိ အိန္ဒယနိုင်ငံ၌ ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အထိ အဆင့်ခုနစ်ဆင့် ပိုင်းခြားသတ်မှတ်၍ အုတ်အုတ်ကျက်ကျက် ကျင်းပလျက်ရှိသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နေ သည့် ယင်းနိုင်ငံ၏ နိုင်ငံရေးယှဉ်ပြိုင်မှုပွဲတော်ကြီး ဆင်နွှဲနေပုံကို စေ့ငုကြည့်ရန် ကျွန်ုပ်စွေ့ခနဲ အာရုံပြု မိလေ၏။
အမတ်မင်းများကို ရွေးချယ်တင်မြှောက်
၂၀၁၉ ခုနှစ် အိန္ဒိယအထွေထွေရွေးကောက်ပွဲကြီး အပြီးတွင် ၁၇ ကြိမ်မြောက် အောက်လွှတ်တော်ကို ဖွဲ့စည်းနိုင်ရန်အတွက် အမတ်မင်းများကို ရွေးချယ်တင်မြှောက်နိုင်ပါလိမ့်မည်။ မေ ၂၃ ရက်တွင် မဲရေတွက်မှုပြီးစီးသည်နှင့် တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲရလဒ်ကိုချက်ချင်းလက်ငင်း ကြေညာခြင်း ပြုပါလိမ့်မည်။အထွေထွေရွေးကောက်ပွဲကြီးနှင့်အတူ အင်ဒရာပ ရာဒေ့ရှ်၊ အရူနာချယ်ပရာဒေ့ရှ်၊ ဩရိဿနှင့် ဆစ်ခင်ပြည်နယ်များ၌ ဥပဒေပြုလွှတ်တော်သစ်များ ဖွဲ့စည်းနိုင်ရန်အတွက်လည်း ဒေသန္တရလွှတ်တော် ရွေးကောက်ပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပလျက်ရှိလေသည်။ အောက်လွှတ်တော် ရွေးကောက်ပွဲ၏ ဒုတိယ အကျော့ မဲပေးပွဲကို ဧပြီ ၁၈ ရက်တွင် ပြုလုပ်ခဲ့ရာ ပြည်နယ်၁၁ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေတစ်ခုတို့ကိုကိုယ်စားပြုသော အမတ်နေရာ ၉၅ နေရာအတွက်အမတ်လောင်း ၁၆၀၀ ခန့်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ
အိန္ဒိယနိုင်ငံ၌ ပြည်နယ်ပေါင်း ၂၉ ခုနှင့် ပြည်ထောင်စုနယ်မြေခုနစ်ခု တည်ရှိပြီး ပြည်နယ်များအလိုက်ဒေသ္တရအစိုးရအဖွဲ့များရှိကြသည်။ ပြည်ထောင်စုနယ်မြေများကိုမူ ပြည်ထောင်စု အစိုးရအဖွဲ့ (ဝါ) ဗဟိုအစိုးရအဖွဲ့က တိုက်ရိုက်အုပ်ချုပ်သည်။ ပြည်နယ်အဆင့်ဖွဲ့စည်းရနိုင် လောက်အောင်လည်း နယ်မြေအပိုင်းအခြား ကျယ်ဝန်းခြင်း မရှိ၊ အခြားပြည်နယ်တစ်ခု၏ တစ်စိတ် တစ်ဒေသအဖြစ်လည်း ပေါင်းစပ်ဖွဲ့စည်းရန် အနေအထားလည်း မရှိပါက ပြည်ထောင်စုနယ်မြေအဖြစ် ဖွဲ့စည်း သတ်မှတ်နိုင်သည်။
လက်ရှိဝန်ကြီးချုပ် နရိန္ဒြာမိုဒီ အပေါ် ပြည်သူတို့နှစ်သက်လိုလားမှု ရှိ၊ မရှိ မှတ်ကျောက်တင်နိုင် မည့်ပွဲကြီးအဖြစ် ရှုမြင်ရသော အထွေထွေရွေးကောက်ပွဲကြီး၏ ပထမအကျော့ မဲပေးပွဲကို ဧပြီ ၁၁ ရက်က ကျင်းပခဲ့ရာတွင် ပြည်သူသန်းပေါင်းများစွာ မဲပေးခဲ့ကြပြီး ဖြစ်သည်။ ပြည်နယ်ပေါင်း ၂၀ နှင့် ပြည်ထောင်စုနယ်မြေများမှ ပြည်သူများက မဲဆန္ဒနယ်မြေ ၉၁ ခုအတွက်မဲပေးခဲ့ကြပြီး ဖြစ်သည်။နိုင်ငံတစ်ဝန်း၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် သန်း ၉၀၀ အထိရှိနေရာ များလှသောင်းသောင်း လူထုပရိသတ်ကြီးက ရွေးချယ်တင်မြှောက်ပေးမည့် အကြိတ်အနယ်ရှိလှသည့် ရွေးကောက်ပွဲကြီးဟု ဆိုရချိမ့်မည်။အောက်လွှတ်တော်၌ ရွေးချယ်တင်မြှောက်ခံအမတ်နေရာ ၅၄၃ နေရာရှိပြီး နိုင်ငံရေးပါတီ တစ်ပါတီသို့မဟုတ် ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့က အစိုးရအဖွဲ့သစ်ဖွဲ့စည်းနိုင်ရေးအတွက် အနည်းဆုံး အမတ်နေရာ ၂၇၂ နေရာကို ထိန်းချုပ်ရယူနိုင်ရန် လိုအပ်ပေလိမ့်မည်။
ဧပြီ ၁၁ ရက် နံနက်တွင် မဲရုံများသို့ ပြည်သူများ တဖွဲဖွဲရောက်ရှိလာကာ စတင်မဲပေးခဲ့ကြသည်။ ပထမ အကျော့ မဲပေးပွဲအတွက် ရက်သတ္တတစ်ပတ် ခွင့်ပြုပေးပြီး မဲပေးမှုကို ရက်သတ္တခြောက်ပတ်ကြာ ဆက်လက်ပြုလုပ်သွားရမည်ဖြစ်သည်။ ပထမအကျော့ မဲပေးပွဲအတွက်မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ဦးရေမှာ သန်း ၁၄၀ ကျော်ရှိသည်။ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နရိန္ဒြာမိုဒီနှင့်ဘရာတိယ ဂျနာတာပါတီ(ဘီဂျေပီ) တို့က ပြန်လည်ရွေးကောက်ခံရနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိနေချိန်တွင်ရာ ဟုဂန္ဒီ ဦးဆောင်သော ကွန်ဂရက်ပါတီက အဓိက အတိုက်အခံပါတီအဖြစ် ပါဝင်ယှဉ်ပြိုင်လျက်ရှိ သည်။
အတွေ့အကြုံရင့်ကျက်သည့် နိုင်ငံရေးသမားကြီး၊ အပြောအဟောကောင်းလှသည့် နိုင်ငံရေး ခေါင်းဆောင်ကြီး၊ ရိုးသားဖြူစင်လှသော ပြည်သူ့ခေါင်းဆောင်ကြီးအဖြစ်သိရှိကြသော မိုဒီ၏ ဘီဂျေပီပါတီသည် ဟိန္ဒိပါတီအဖြစ်ရပ်တည်နေပြီးလျှင် ဟိန္ဒိဘာသာဝင် ပြည်သူများက ယင်းပါတီကို အမြဲတစေ ထောက်ခံအားပေးလေ့ရှိကြသည်။ မွတ်စလင်များကမူ ယင်းပါတီကို မွတ်စလင် ဆန့်ကျင်ရေး ပါတီအဖြစ် ရှုမြင်ကြသည်ဟု ကျွန်ုပ်လေ့လာမှတ်သား ရ၏။
ထူးထူးခြားခြား ဆောင်ရွက်ချက်များ
ဘီဂျေပီအစိုးရအဖွဲ့ အုပ်ချုပ်စဉ်ကာလအတွင်း ထူးထူးခြားခြား ဆောင်ရွက်ချက်များ မည်သို့ရှိသည်ကို လေ့လာကြည့်ရာ တွင် အောက်ဖော်ပြပါအတိုင်း ကျွန်ုပ်ခြုံငုံတွေ့မြင်ရ၏။
- ရထားလမ်းကွန်ရက်ကို တိုးတက်စေခြင်း (အိန္ဒိယနိုင်ငံ၏ အမြန်ဆုံးရထားအဖြစ် ဗန်ဒေးမာတာရန်း အမြန်ရထားပေါ်ထွက်လာပြီး အိန္ဒိယ၏ ပြည်တွင်းဖြစ် ပထမဆုံးသော “အင်ဂျင်မဲ့” ရထား အဖြစ်စံနမူနာပြသနိုင်ခြင်း၊ ယင်းရထားသည် လျှပ်စစ်ရထား(ဝါ) EMU စနစ်သုံးရထားဖြစ်ပြီး ရထား တွဲအလိုက် ရွေ့လျားနိုင်သောစနစ် တပ်ဆင်ထားသဖြင့် အင်ဂျင်(ဝါ) ရထားစက်ခေါင်း မလိုအပ်ချေ)
- အိန္ဒိယတစ်နိုင်ငံလုံး မြို့၊ ရွာများ သန့်ရှင်းသာယာ လှပရေး လှုပ်ရှားမှုအစီအစဉ် (၂၀၁၈-၂၀၁၉)ကိုအကောင်အထည်ဖော်ခြင်း (ကျေးလက်ဒေသများ၌ နေအိမ်ပြင်ပ အခင်းကြီး၊ အခင်းငယ်သွားရ သောဘဝမှ လွတ်မြောက်ရေးအတွက် ရေအိမ်အလုံးပေါင်း သန်း ၉၀ တည်ဆောက် ခြင်းလည်း ပါဝင်)
- လေယာဉ်စီးခများ သက်သာစေရန် စီမံဆောင်ရွက်ခြင်း
- အိန္ဒိယနိုင်ငံ၌ တစ်ခုတည်းသော ဘုံဈေးကွက်ကြီး ပေါ်ထွန်းလာစေရေး အလို့ငှာ နိုင်ငံတစ်နိုင်ငံလုံး၌ ကျင့်သုံးရမည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုအခွန် (ဝါ) Goods & Service Tax ပြဋ္ဌာန်းခြင်း
- ကျေးလက်ဒေသများအထိ လျှပ်စစ်မီးရရှိရေးစီမံကိန်းကြီး ဆောင်ရွက်ခြင်း
- အမျိုးသား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းကြီး အကောင်အထည်ဖော်ခြင်း
- စိုက်ပျိုးရေးသွင်းအားစုများ တိုးတက်ရေး ဆောင်ရွက်ခြင်း
- တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် အစိုးရက လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းစနစ် (ဝါ) Minimum Sup-port Price ပြဋ္ဌာန်းခြင်း
- ပြည်သူများအတွက် ချေးငွေများ ထုတ်ပေးရေး အစီအစဉ် လုပ်ဆောင်ခြင်း
- ကမ္ဘာ့အဆင့်မီ ထုတ်လုပ်ရေးစခန်းအဖြစ် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ၂၅ ရပ်၌ ရှိနေသော ကုမ္ပဏီများအား ထုတ်လုပ်မှုကိုအားပေးသည့်မူဝါဒ (ဝါ) Make in India မူဝါဒ အကောင်အထည်ဖော်ခြင်း
- ဆင်းရဲသားများအတွက် အိုးအိမ်များ တည်ဆောက်ပေးရေး စီမံဆောင်ရွက်ခြင်း
- အစိုးရအထက်တန်းတာဝန်ရှိသူများ အဂတိလိုက်စားမှု စွဲချက်များမှ ကင်းဝေးခြင်း
- နယ်စပ်ဖြတ်ကျော် အကြမ်းဖက်သမားများကိုနှိမ်နင်းနိုင်ရန် တိကျပစ်မှတ်လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခြင်း (ဝါ) Surgical Strikes
- မွတ်စလင်အမျိုးသားက သူ၏ဇနီးသည်အား လွယ်လင့်တကူ ကွာရှင်းပြတ်စဲမှု ပြုလုပ်ခြင်းကို တားမြစ်မိန့်ထုတ်ပြန်နိုင်ရန် စီမံခြင်း
- အိန္ဒိယနိုင်ငံအား ပြင်ပက္ဘာက တလေးတစား ရှိလာအောင် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ပေးခြင်း
- အမျိုးသမီးများ ပိုမိုလူရာဝင်စေရေး ဆောင်ရွက်ခြင်း
- ယခင်အစိုးရအဖွဲ့လက်ထက်နှင့် နှိုင်းယှဉ်လျှင်လမ်းများကို ပိုမိုလျင်မြန်စွာ ဖောက်လုပ်ပေးခြင်း
- ဒစ်ဂျစ်တယ်စနစ် သွတ်သွင်းခြင်း
- စီးပွားရေးလုပ်ကိုင်သူများ ပိုမိုလွယ်ယူစွာ လုပ်ကိုင်နိုင်ခြင်းဆိုင်ရာအညွှန်းကိန်း မြင့်တက်လာအောင် စီမံဆောင်ရွက်ခြင်း
- မိုဘိုင်းဖုန်းစက်ရုံ ၁၀၀ ကျော် ဖွင့်လှစ်ခြင်း (ဆမ်ဆောင်း၏ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းစက်ရုံပါဝင်)
- နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်ခြင်း
- သမိုင်းဝင်ပုဂ္ဂိုလ်ကြီး ဆာဒါး ဝိလဘီ ပတေး၏ ရုပ်တုကြီးကို ဝန်ကြီးချုပ်မိုဒီ၏ ဇာတိရပ်မြေ ဂူဂျာရတ်ပြည်နယ်၌ ဖွင့်လှစ်ခြင်း (ယင်းရုပ်တုသည်အမြင့် ၅၉၇ ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး အဖြစ်တည်ရှိ)
- ပြည်ပမှ စွက်ဖက်မှုကို ဟန့်တားနိုင်သော နိုင်ငံခြားရေးမူဝါဒနှင့် သံတမန်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း
- ဘီဂျေပီအစိုးရလက်ထက် ဆုတ်ယုတ်မှုများအဖြစ်၂၀၁၈ ခုနှစ်အတွင်း ရူပီးငွေလဲလှယ်နှုန်း စံချိန်တင်ကျဆင်းခြင်း၊ အဂတိလိုက်စားမှုဆိုင်ရာ ကိစ္စရပ်များကို စုံစမ်းစစ်ဆေးနိုင်မည့် လွတ်လပ်သော အဖွဲ့အစည်းထူထောင်ရေးဆိုင်ရာ ဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်မှုမရှိခြင်း စသည် ... စသည်
ကွန်ဂရက်ပါတီ
အိန္ဒိယနိုင်ငံရေးသမိုင်းတွင် သက်တမ်းအရင့်ဆုံး ပါတီကြီးမှာ အိန္ဒိယနေရှင်နယ် ကွန်ဂရက်ပါတီ (ဝါ) ကွန်ဂရက်ပါတီဖြစ်ပြီးလျှင် နိုင်ငံတော်ကို နှစ်ပေါင်း ၆၀ ခန့်မျှ အုပ်စိုးနိုင်ခဲ့သည်။ဂျဝါဟာလာနေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ ဆိုနီယာဂန္ဒီ၊ မန်မိုဟန်ဆင်း တို့ကဲ့သို့သော အထင်ကရ ခေါင်းဆောင်ကြီး များသည် ကွန်ဂရက်ပါတီမှ ပေါ်ထွက်ခဲ့ပြီး အစဉ်အလာကြီးမားခဲ့သော ပါတီကြီးဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးရရှိချိန် ၁၉၄၇ ခုနှစ်မှစ၍ ကွန်ဂရက်ပါတီကြီးက နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများစွာရှိသော်လည်း မအောင်မမြင်ဖြစ်ရမှုများလည်း ရှိခဲ့ပေသည်။
စ္စက္ခကာလတွင် ကွန်ဂရက်ပါတီကို ရာဟုဂန္ဒီက ဦးဆောင်နေသည်။ ကွန်ဂရက်ပါတီ အာဏာရစဉ်ကာလအတွင်း အဂတိလိုက်စားမှုများ များပြားခြင်း၊ နိုင်ငံအတွင်း ပညာ ရှင်များနှင့် ကျွမ်းကျင်သူများ ကြွယ်ဝပါလျက် နိုင်ငံတော်ကို ကမ္ဘာ့အလယ်တွင် ထုတ်လုပ်မှုဗဟိုချက်တစ်ခုအဖြစ် တည်ဆောက်နိုင်မှု မရှိခြင်း၊ ကိုးကွယ်ယုံကြည်မှုနှင့် ဇာတ်ခွဲခြားဆက်ဆံသည့် စနစ်တို့အရ ပြည်သူလူထုအတွင်း စုစည်းညီညွတ်အား နည်းပါးခြင်း၊ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ ကျင့်သုံးမှုများ ရှိနေခြင်း၊ လမ်းများ၊ လေဆိပ်များ၊ ဆေးရုံများ၊ တိရ္ဆာန်ဥယျာဉ်များ စသည့် အများပြည်သူဆိုင်ရာ နေရာသစ်များကို အမည်နာမပေးရာတွင် နေရူး- ဂန္ဒီ မျိုးဆက်နှင့်သက်ဆိုင်နေသော အမည်နာမများကိုသာ ဦးစားပေးခြင်း စသည့်အချက်များကို လေ့လာတွေ့ရှိရ၏။
ပါတီ ၅၀ ကျော် ပါဝင်ယှဉ်ပြိုင်
အိန္ဒိယနိုင်ငံ၌ လက်ရှိကျင်းပနေဆဲ ရွေးကောက်ပွဲကြီး၌ ဘီဂျေပီနှင့် ကွန်ဂရက်ထိပ်သီးပါတီကြီး နှစ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၅၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြပြီး ပါတီအများစုမှာ ဒေသ အလိုက်ပြည်သူ့အကြိုက် ပါတီငယ်များဖြစ်ကြသည်။ ၁၉၈၄ ခုနှစ်နောက်ပိုင်း ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှအပ ကျန်ရွေးကောက်ပွဲများတွင် မည်သည့်နိုင်ငံရေးပါတီတစ်ပါတီကမျှ အမတ် အများစုအနေအထားကို မရခဲ့ချေ။ သို့ဖြစ်၍ နိုင်ငံရေးမဟာမိတ်အဖွဲ့များကို သာလျှင်ဖွဲ့စည်းကြ ရလေ့ရှိ၏။ ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေးမဟာမိတ်ပြုမှုများအဖြစ် ဘီဂျေပီပါတီ ဦးဆောင်သော အင်န်ဒီအေအဖွဲ့၊ အိန္ဒိယနေရှင်နယ်ကွန်ဂရက်ပါတီ ဦးဆောင်သော ယူပီအေအဖွဲ့၊ ဒေသ္တရ နိုင်ငံရေးပါတီများအဖွဲ့၊ ကွန်မြူနစ်ဝါဒဘက်ယိမ်းသော လက်ဝဲတပ်ဦးအဖွဲ့တို့ကို ဖွဲ့စည်း ထားကြပြီဖြစ်၏။ ဟိန္ဒိဘာသာဝင်များ အဓိကထောက်ခံအားပေးသော ဘီဂျေပီပါတီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ၏ အောင်မြင်မှုအရှိန်အဟုန်ကို ယခုတစ်ကြိမ်တွင် ဆက်လက်ထိန်းထားနိုင်ခြင်းရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရန်လိုအပ်ပုံကို တွေးတောမိရင်း “အုတ်အာသောင်းသဲမဲပေးပွဲ မဇ္ဈိမသားတို့နွှဲ” ဟု ကျွန်ုပ်ကျူးရင့်မိပါ သတည်း။ ။
Ref: A really Simple guide to India’s general election (BBC)