ရေတာရှည်  ၂၇  နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် အုတ်အရောင်းအဝယ်လုပ်ငန်းများဈေးကွက်ကောင်း မွန်လျက်ရှိသဖြင့် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများ များပြားလျက်ရှိရာ ခွင့်ပြုချက်မရှိသည့် လုပ်ငန်းလုပ် ကိုင်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူ ကပြောကြားသည်။

 

“ကျွန်တော့်ဆီမှာရှိတဲ့စာရင်းအရ ဆွာမြို့ဝန်းကျင်မှာ ၆ ဦး၊ ရေတာရှည်မှာ ၃ ဦး၊ အကုန်လုံး ၉ ဦးရှိပါတယ်။ အဲ့ဒီလုပ်ငန်းရှင်တွေကတော့ စည်းမျဉ်းဥပဒေနဲ့အညီ ဆောင်ရွက်ထားကြတာ ဖြစ်ပါတယ်။ အခုရာသီချိန်ကျမှ ကပ်ပြီးလာတင်တဲ့ သူတွေကျတော့ ခွင့်ပြုပေးလို့မရတော့ဘူး။ ကွင်းဆင်း စစ်ဆေးပြီးလို့ ခွင့်ပြုချက်မဲ့ ဆောင်ရွက် တာတွေရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးမင်းသူ ကဆက်လက် ပြောသည်။

 

တောင်ငူ၊ ကေတုမတီ မြို့သစ်၊ ကျွန်းကုန်း နှင့် နယ်မြို့များရှိ အဆောက်အအုံဆောက်လုပ် သည့် လုပ်ငန်းများက အဝယ်မှာယူမှုမြှင့်တက်မှုကြောင့် စက်အုတ်တစ်လုံးလျင် ၆၂ ကျပ်ဖြင့်ရောင်းချပေး လျက်ရှိကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်းသူ ဦးချစ်ထွေး ကပြောကြားသည်။

 

“ကျွန်တော်တို့က နိုင်ငံတော်ကို ပေးသွင်းရမယ့် အခွန်ကိုဆောင်ပြီးတော့ လုပ်တာဆိုတော့ ကုန်ကျ စရိတ်တွေများပါတယ်။ ဒါပေမဲ့ အခွန်မဆောင်ဘဲ လုပ်တဲ့လူတွေလည်း ရှိနေတော့ ဈေးကွက် အရယှဉ်ရင် ကျွန်တော်တို့ထက် သူတို့ကဈေးလျော့ ရောင်းလို့ရတဲ့သဘောမှာရှိတယ်။ ဆိုလိုတဲ့ သဘောက ကျွန်တော်တို့ဘက်က အများကြီးနစ်နာမှုတွေ ရှိနေပါတယ်”ဟု ဦးချစ်ထွေး က ဆက်ပြောကြားသည်။

 

အဆောက်အအုံများ ဆောက်လုပ်ရာတွင် သစ်သားဈေး နှုန်းမြင့်တက်ခြင်းနှင့် ဝယ်ယူရန် လွယ်ကူမှု မရှိခြင်းတို့ကြောင့် အုတ်ကိုသာ အဓိကဝယ်ယူသုံးစွဲမှုယခင်က ထက်ပိုမိုမြှင့်တက်လာခြင်းဖြစ်သည်။

 

ကိုလွင်(ဆွာ)