ရန်ကုန် ၁၀ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ အုတ်ကျင်း ဂုန်နီစက်ရုံနှင့် အုတ်ကျင်း လျှော်ရွေးလျှော်ထုတ်စက်ရုံ နှစ်ရုံအား လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် စက်ရုံပိတ်သိမ်းသွားမည်ဖြစ်ပြီး အဆိုပါမြေနေရာတွင် ဘက်စုံစီးပွားရေးလုပ်ငန်း ပြောင်းလဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကျော်ထက်ကျော် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစံထွန်းက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် အုတ်ကျင်းဂုန်နီစက်ရုံနှင့် အုတ်ကျင်း လျှော်ရွေးလျှော်ထုတ်စက်ရုံ ဂုန်လျှော်လုပ်ငန်းပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ကျော်ထက်ကျော် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစံထွန်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပိတ်သိမ်းမည့် အုတ်ကျင်းဂုန်နီစက်ရုံနှင့် အုတ်ကျင်း လျှော်ရွေးလျှော်ထုတ်စက်ရုံ နှစ်ရုံအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ ကျော်ထက်ကျော် ကုမ္ပဏီလီမိတက်က ၂၀၁၂ ခုနှစ် ဧပြီလမှစတင်ကာ နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ကုန်ကြမ်းမလုံလောက်ခြင်း၊ ကုန်ထုတ်လုပ်မှု စရိတ်မြင့်မားခြင်း၊ ဈေးကွက်မရှိခြင်းတို့ကြောင့် အရှုံးပေါ်နေသည့်အတွက် စက်ရုံနှစ်ရုံအား ပိတ်သိမ်းခြင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲက သိရသည်။
“၆ နှစ်ကျော်ကာလမှာ လုပ်ငန်းလည်ပတ်ခဲ့တာ ၂ နှစ်နဲ့ ၇ လပဲရှိတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကစပြီး ကုန်ထုတ်လုပ်မှု ရပ်နားခဲ့ပေမယ့် ဝန်ထမ်းတွေရဲ့ လုပ်ခလစာကို ဒီနေ့အချိန်အထိ ပေးခဲ့ပါတယ်’’ ဟု ကျော်ထက်ကျော် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစံထွန်းက ပြောသည်။
စက်ရုံနှစ်ရုံကို ဝန်ကြီးဌာနမှ လွှဲပြောင်းရယူစဉ်က အလုပ်သမားဦးရေ ၁၀ဝ၀ ကျော်ရှိခဲ့ပြီး အလုပ်သမား ၈၁၀ ဦးသည် ဌာနမှလျော်ကြေးပင်စင်နှင့် လုပ်သက်ဆုငွေများရယူခဲ့ပြီး ကုမ္ပဏီဝန်ထမ်းအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ကြောင်း ကျော်ထက်ကျော် ကုမ္ပဏီလီမိတက်မှ သိရသည်။
ကုမ္ပဏီအနေဖြင့် အလုပ်ပိတ်သိမ်းမှုအတွက် ဝန်ထမ်းများ၏ အလုပ်ရပ်စဲမှုနစ်နာကြေးများကို အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ (၃-၇-၂၀၁၅) ပါ အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅)ပါ သတ်မှတ်ထားသည့် နစ်နာကြေးနှုန်းထားများအတိုင်း နို့တစ်ကြေးတစ်လစာ၊ လုပ်သက်ခွင့် ပြန်အမ်းငွေနှင့် ဇန်နဝါရီလ အလုပ်တက်ရက် (၈)ရက်စာ လုပ်ခတို့ကိုတွက်ချက်၍ သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲက သိရသည်။
လက်ရှိအချိန်တွင် စက်ရုံနှစ်ရုံအား ပိတ်သိမ်းခဲ့သော်လည်း စက်ရုံဝန်းအတွင်းနေထိုင်နေသည့် ဝန်ထမ်းမိသားစုများအား ချက်ခြင်းဖယ်ရှားမှု မပြုဘဲ အနည်းဆုံးတစ်နှစ်၊ လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်၍ ၂ နှစ် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး လုပ်ငန်းအသစ် ပြန်လည်စတင်သည့်အချိန်တွင် လုပ်ငန်းပိတ်သိမ်းခြင်းကြောင့် အလုပ်ရပ်စဲသွားသော ဝန်းထမ်းများအတွင်းမှ အရည်အချင်း ပြည့်မီသော ဝန်ထမ်းများကို ဦးစားပေးရွေးချယ် ခန့်ထားပေးသွားမည်ဟု ကျော်ထက်ကျော် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာဦးစံထွန်းက ပြောသည်။
ဇန်နဝါရီ ၉ ရက်က အုတ်ကျင်းဂုန်နီစက်ရုံနှင့် အုတ်ကျင်း လျှော်ရွေးလျှော်ထုတ်စက်ရုံတို့မှ ဝန်ထမ်းများက သဘောတူညီမှုမရှိဘဲ စက်ရုံအလုပ်သမားအားလုံး အလုပ်ထုတ်ပယ်ခံရသည့်အတွက် ကန့်ကွက်သည့်အနေဖြင့် စက်ရုံရှေ့တွင် လာရောက်စုဝေးခဲ့ကြောင်း သိရသည်။
(သတင်း၊မင်းသစ်(MNA)/ဓာတ်ပုံ၊ဇော်မင်းလတ်)