မလှိုင် ၂၂  သြဂုတ် 

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအုပ်စု အုတ်ဖိုကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ရှေးဟောင်းလက်ရာများရှိသော ကျွန်းသားများဖြင့် တည်ဆောက်ထားသည့် ကျောင်းဆောင်ကြီးအား ပြုပြင်ပေးရန် လိုလားနေကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများထံမှ သိရသည်။

 

"ဒီကျောင်းဆောင်ကြီးက ပေ ၁၀ဝ လောက်ကျယ်ဝန်းပြီး တိုင်ပေါင်း ၁၀ဝ ကျော်ရှိပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာပြီး အခုဆို ယိုင်လာပါပြီ။ ဒီနှစ်သင်္ကြန်တွင်းက အမိုးတွေပြိုလာလို့ ဆွမ်းစားဆောင်ဆို ဖျက်ပစ်ရပါတယ်။ တစ်နေ့ထက် တစ်နေ့ ယိုင်ထိုးလာတဲ့အတွက် ဒီအဆောက်အဦးကြီးကို ရှေးမူမပျက် ထိန်းသိမ်းစေချင်တာပေါ့။ ရှေးဟောင်းလက်ရာ ကနုတ်ပန်းများကို အဆောင်တစ်ဆောင်အဖြစ် ရှိနေပါတယ်။ ဒါတွေပျက်စီးသွားရင် အလကားဖြစ်သွားမှာပါ။ ရှေးဟောင်းအဖွဲ့နဲ့ အထက်ဌာနတွေက လာကြည့်ပြီး ဘယ်လောက်ကုန်ကျမယ်ဆိုတဲ့ တွက်ချက်မှုတွေ ဓာတ်ပုံရိုက်ယူတာတွေရှိပေမယ့် ဒီနေ့ထိ ဘာမှထူးခြားမှု မရှိသေးတဲ့အတွက် မလဲသွားခင်၊ ပြိုမကျသွားခင် အချိန်မီ ပြုပြင်ပေးစေချင်ပါတယ်" ဟု အုတ်ဖိုကန် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ ကမိန့်ကြားခဲ့သည်။

 

အုတ်ဖိုကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ အုတ်ဖိုကန်ကျေးရွာနှင့် တောင်ကုန်းကျေးရွာ နှစ်ရွာမှ ဒေသခံပြည်သူတို့ ကိုးကွယ်ရာ ကျေးရွာနှစ်ရွာ၏ ရွာဦးဘုန်းတော်ကြီး ကျောင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

"ဒီကျောင်းကြီးက နှစ်ပေါင်း ၁၂၀ ကျော်ရှိနေပြီး ကျွန်းတွေနဲ့ဆောက်ထားတာပါ။ သက်ဆိုင်ရာဌာန အသီးသီးကို စာတွေတင်ထားလို့ လာရောက်ပြီး ကြည့်ရှုခဲ့တာလည်းရှိပါတယ်။ ဒီကျောင်းထဲမှာ မြန်မာ့ရှေးဟောင်း ပန်းပုလက်ရာတွေ အတော်စုံစုံလင်လင် ရှိပါတယ်။ တစ်ကယ် လေမိုးကျလာရင် ဒီကျောင်းကြီးက ပြိုသွားနိုင်ပါတယ်။ ပြိုလဲသွားရင် အင်မတန် နစ်နာစရာကောင်းတဲ့အတွက် ပြုပြင်ပေးစေချင်တာပါ” ဟု တောင်ကုန်းရွာခွဲတာဝန်ခံ ဦးအောင်ဆန်းဦး ကဆိုသည်။

 

အုတ်ဖိုကန်ကျောင်းတိုက်ကြီးမှာ နှစ်ပေါင်း ၁၀ဝ ကျော်ရှိပြီး ယခင် သီတင်းသုံးခဲ့သော သက်တော် ၁၀၃ နှစ်ရှိ ဆရာတော်ကြီးပင် အုတ်ဖိုကန်ကျောင်း တည်ဆောက်မှုကို မမီခဲ့ကြောင်း သိရသည်။

 

"ဒီကျောင်းကြီးသက်တမ်းက ကြာပြီ။ ကျွန်တော်တို့ မိဘတွေလည်း မမီပါဘူး။ ဆရာတော်ကြီးလည်း မမီပါဘူး။ ဆရာတော်ကြီး သက်တော်ဆို ၁၀၃ နှစ်ပါ။ ဆရာတော်ကြီး ပျံလွန်တော်မူသွားတာတောင် ၁၅ နှစ်လောက်ရှိပါပြီ ။ကျောင်းကြီးက အတော်ယိုင်လာတဲ့အတွက် နိုင်ငံတော်အစိုးရကို တင်ပြပြီး သက်ဆိုင်ရာကနေ ပြုပြင်ပေးစေချင်တာပါ။ ဒီကျောင်းကြီးကို မပြုပြင်နိုင်ရင် နောင်လာနောက်သားတွေ ခုလို ရှေးဟောင်းအမွေအနှစ်တွေ ကြည့်ရဖို့တောင် မလွယ်ပါဘူ"ဟု အုတ်ဖိုကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသံချောင်းက ပြောသည်။

 

အုတ်ဖိုကန်ကျေးရွာရှိ ရှေးဟောင်းကျောင်းဆောင်ကြီးမှာ ကျွန်းတိုင်ပေါင်း ၁၁၇ တိုင်ဖြင့် တည်ဆောက်ထားပြီး ကျောင်းဆောင်တွင် အဆောင်သုံးဆောင်ရှိကာ အဆောင်တစ်ခုတွင် ရှေးဟောင်းပန်းပုလက်ရာ ကနုတ်ပန်းများဖြင့် ပြည့်နှက်လျက်ရှိသည်။ ယခုနှစ်မိုးရွာသွန်းပြီးနောက် ကျောင်းဆောင်ကြီးမှာ များစွာယိုင်စောင်းလာပြီး ပြိုကျပျက်စီးသွားပါက ကျောင်းဆောင်မျက်နှာကြက်ရှိ ပန်းကနုတ်  ရှေးဟောင်းလက်ရာများ ဆုံးရှုံးသွားနိုင်သဖြင့် အဆောက်အဦ မပြိုပျက်ခင် အချိန်မီ ရှေးမူမပျက် ထိန်းသိမ်းပေးရန် ဒေသခံပြည်သူများ လိုလားလျက်ရှိသည်။

 

အဆိုပါအုတ်ဖိုကန်ကျောင်းသို့ ဌာနအသီးသီးမှ လာရောက်ကြည့်ရှု၍ မှတ်တမ်းရယူခြင်းများ ရှိခဲ့သော်လည်း ထူးခြားမှု/ အကြောင်းပြန်မှုများ မရှိသဖြင့် ကျောင်းဆောင်ကြီး ပြိုပျက်သွားပါက ရှေးဟောင်းအမွေအနှစ် လက်ရာများ ဆုံးရှုံးသွားမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)