အုတ်ဖို  ၁၃  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အမက ကွေ့ချောင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း) ဝန်ထမ်းမိသားစုများမှ ကျောင်းသားကျောင်းသူများအား စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ၊ စာကြည့်တိုက်အတွက် စာအုပ်များနှင့် စက်ဘီးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပသည်။

အခမ်းအနားတွင် အုတ်ဖိုမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းနှင့် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးတင်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်မိသားစုများကိုယ်စား ဓာတ်အားပို့လွှတ်ရေးစီမံကိန်း ညွှန်ကြားရေးမှူး ဦးမင်းနိုင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

mdn

 

ဆက်လက်၍ ကွေ့ချောင်း အမကမှ ကျောင်းသား ကျောင်းသူ(၁၂၅)ဦးအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ စတုတ္ထတန်း ကျောင်းသားကျောင်းသူ (၁၆)ဦးအား စက်ဘီး(၁၆)စီးနှင့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာပေများ၊ ပရိဘောဂများကို ပေးအပ်လှူဒါန်းခဲ့ရာ အမက ကွေ့ချောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးကျော်၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညွန့်ညွန့်စိန် နှင့် ရပ်မိ/ရပ်ဖတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် သုခဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး(၁၂)စီးတို့အား ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါလှူဒါန်းမှုများအား  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဓါတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း)၊ စီမံကိန်းညွှန်ကြားရေးမှူး ဦးမင်းနိုင်နှင့် ဇနီးဒေါ်မြင့်မြင့်သန်းတို့မှ ဦးစီး၍ စီမံကိန်းဝန်ထမ်းမိသားစုများ၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူဆွေ(ပြန်/ဆက်)