အုတ်ဖို ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချ လျက်ရှိသော အရောင်းဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် ဧပြီ ၆ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါစစ်ဆေးမှုတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်သည်။
ဖြန့်ဖြူးရောင်းချ
အုတ်ဖိုမြို့နယ်အနေဖြင့် မြို့ပေါ် (၁၀) ရပ်ကွက်၊ ကျေးရွာ အုပ်စု (၄၆) အုပ်စုရှိ အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် တစ်ဦး၊ လက်လီကိုယ်စားလှယ် ၄၁ ဦးမှ တစ်လလျှင် ဆီပီပါပေါင်း ၄၁၂ ပီပါ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေး နာရေးဆိုင်ရာ ကိစ္စရပ်များအတွက် တစ်လလျှင်တစ်ကြိမ် ရည်ညွှန်းစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)


