အုတ်ဖို အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က(ခွဲ) လွှစင်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင် နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.ထ.က(ခွဲ) လွှစင် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာ ခေါင်းဆောင်မှုဆိုင်ရာများကို ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများက ကျောင်းသားကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ