အုတ်တွင်း  ၉   သြဂုတ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသည် ပဲခူးလမ်းတောင်ပိုင်း ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်း၏ အနောက်ဘက်အနိမ့်ပိုင်း၌ တည်ရှိပြီး ယခုမိုးရာသီ ကာလတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေများ ဝင်ရောက်ခဲ့သဖြင့် ဆေးရုံရှိလူနာများအား နှစ်ကြိမ်တိုင် အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသည်။

အဆိုပါဆေးရုံအတွင်း ရေများဝင်ရောက်မှု မရှိစေရေးအတွက် ရေတားတမံများ၊ ရေလွှဲမြောင်းနှင့် ရေနုတ်မြောင်းများ ဆောင်ရွက်ပေးမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 “ရေတွေက ဆေးရုံထဲကိုဝင်တော့ လူနာတွေကို ရေလွတ်တဲ့ တောင်ဘက်ကပ်လျက်က သံဃာ့ ဆေးရုံထဲကို ရွှေ့ပြောင်းရတယ်။ အရေးကြီးလူနာတွေကိုတော့ တောင်ငူဆေးရုံကြီးကို လွှဲပြောင်း ပို့ရတာ ရှိပါတယ်။ ဆေးရုံထဲရေတွေဝင်ပြီဆိုတာနဲ့ လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် ဓာတ်အားတွေ ပိတ်လိုက်ရတယ်။ ခွဲစိတ်ခန်း၊ မွေးလူနာအခန်းတွေ အားလုံးရေတွေဝင်လို့ လုပ်ငန်း ဆောင်တာတွေ အားလုံးရပ်လိုက်ရတာ။ မိုးတွေကရွာ ရေတွေကဝင်ဆိုတော့ လူနာတွေအပြင် လူနာစောင့်တွေပါ ဖျားနာမှာစိုးရတယ်” ဟု မြို့နယ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယနေ့ အုတ်တွင်းမြို့နယ် ဆေးရုံသို့ ရောက်ရှိခဲ့ရာတွင် ဆေးရုံရှေ့မျက်နှာစာတွင် ရေများ ၆ လက်မခန့် စီးဆင်းနေဆဲဖြစ်ကာ မိုးဆက်လက်ရွာသွန်းပါက ဆေးရုံအတွင်းရေများ ထပ်မံဝင်ရောက်နိုင်သည့်အတွက် ရေတားတမံ၊ ရေလွှဲမြောင်း၊ ရေနုတ်မြောင်းများကို အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း မြို့ခံတစ်ဦးက သုံးသပ်ပြောကြားသည်။ 

ကိုလွင်(ဆွာ)