အုတ်တွင်း စက်တင်ဘာ ၁၅
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကြက်သွန်ခင်း(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြက်သွန်ခင်း(၂) ရပ်ကွက်အတွင်း နေထိုင်ကြသည့် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ဒေသခံပြည်သူ ၄၁ ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ပြုလုပ်ပေးသည်။
အုတ်တွင်းမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရမည့် လူဦးရေ လျာထားချက်အရ (၅၆၉၁) ဦးရှိပြီး လက်ရှိပြုလုပ်ပေးရာတွင် လူဦးရေ (၆၆၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ရပ်ကွက်နှင့် ကျေးရွာများမှ အသက်(၁၈)နှစ်ပြည့်ပြီး သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အုတ်တွင်းမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


