အုတ်တွင်း ၂၄ ဇွန်

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ကျောင်းရှစ်ဆယ်ဈေး မြေနေရာ၌ ယနေ့ နံနက် ၈ နာရီက ဈေးရုံ(၂)ရုံဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ ပြုလုပ်သည်။

 

အဆိုပါအခမ်းအနားသို့ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်၊ အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုးဝင်းနိုင်နှင့် ကော်မတီဝင်များ၊ တာဝန်ယူဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုမှ အမှာစကားပြောကြားပြီး အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ထွန်းမှ မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် ကျောင်းရှစ်ဆယ်ဈေး မြေနေရာ၌ ဈေးရုံ(၂)ရုံဆောက်လုပ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ပန္နက်တိုင်များ စိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 

အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကျောင်းရှစ်ဆယ်ဈေး မြေနေရာ၌ တည်ဆောက်မည့် ပျံကျဈေးရုံ(၂)ရုံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၉ ဒသမ ၈) သန်းဖြင့် အေးမေတ္တာနိုင်ကုမ္ပဏီမှ တာဝန်ယူပြီး (၁၆' × ၆၄' × ၁၂')ရှိ ဈေးရုံ (၂)ရုံအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)