ရန်ကုန် ၁၁ ဧပြီ
အူရီဒူးဆင်းကတ် သုံးစွဲသူများအတွက် တိုက်ရိုက်ရုပ်သံလိုင်းများနှင့် ဒီဂျစ်တယ်ဖျော်ဖြေ ရေးအစီအစဉ်များကို ဝန်ဆောင်မှုပေးရန် Cookie TV နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်း၍ အထူးအစီအစဉ်သစ်တစ်ခုကို ဧပြီ ၄ ရက်က စတင်ထားကြောင်း သိရသည်။
Cookie TV အနေဖြင့် အူရီဒူးမြန်မာနှင့် မြန်မာနိုင်ငံတွင် ပထမဆုံး တယ်လီကွန်း မိတ်ဖက်အဖြစ် စတင်ပူးပေါင်းခြင်းဖြစ်ပြီး ဤပူးပေါင်းမှုကြောင့် အူရီဒူးသုံးစွဲသူများ အနေဖြင့် Cookie TV App ၏ ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုများကို အထူး ပရိုးမိုးရှင်းအစီအစဉ်များအနေဖြင့် ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း၊ Cookie TV ကို ပထမဆုံးအကြိမ် စတင်စာရင်းသွင်းသည့် အူရီဒူးသုံးစွဲသူများသည် လူကြိုက်များသော တိုက်ရိုက်ရုပ်သံလိုင်းများဖြစ်သည့် HBO, MTV, Fox Sports နှင့် Discovery စသော အပြည်ပြည်ဆိုင်ရာ ဖျော်ဖြေရေးလိုင်းများကို သုံးလ အခမဲ့ ကြည့်ရှုနိုင်မည့် အပြင် Game of Thrones ဇာတ်လမ်း၏ နောက်ဆုံးဇာတ်သိမ်းပိုင်း ဇာတ်လမ်းတွဲ ကိုပါ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ အခမဲ့ကြည့်ရှုခွင့် သုံးလ ပြီးဆုံးသည့်နောက်တွင် သုံးစွဲသူများအနေဖြင့် တစ်လလျှင် ကျပ် ၄၉၀ဝ မှ ကျပ် ၇၉၀ဝ အထိ ဈေးနှုန်းများဖြင့် လစဉ်ကြေးပေးသွင်းပြီး ဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Cookie TV ၏ တိုက်ရိုက်ရုပ်သံအစီအစဉ်များတွင် ပြည်တွင်း ရုပ်သံလိုင်းများ၊ Cookie TV ၏ ကိုယ်ပိုင်လိုင်းများအပြင် ကမ္ဘာ့နာမည်ကြီး သတင်း၊ ဖျော်ဖြေရေး၊ အားကစားနှင့် ကလေးငယ်များအကြိုက် ကာတွန်းရုပ်သံလိုင်းများ ပါဝင်မည်ဖြစ်သည်။ “Cookie TV ဟာ မြန်မာပရိသတ်တွေအတွက် အကောင်းဆုံး ဒစ်ဂျစ်တယ် ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို ယူဆောင်လာပေးဖို့ စိတ်အားထက်သန်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းများကတစ်ဆင့် ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို သုံးစွဲမှုနှုန်းဟာ တိုးတက်များပြားလာပါတယ်။ ဒီလို တိုးတက်လာတာနဲ့အမျှ ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါ လာပါတယ်။ ကျွန်မတို့ Cookie TV အနေနဲ့ အခုလို အူရီဒူးနှင့် ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်အတွက် အလွန်စိတ်လှုပ်ရှားပါတယ်။ ဒီပူးပေါင်းမှုအစီအစဉ်ဟာ သုံးစွဲသူ တွေအတွက် အရည်အသွေးမြင့် ရုပ်သံအစီအစဉ်တွေကို အူရီဒူးရဲ့ မြန်ဆန်ကျယ်ပြန့်တဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ ဝန်ဆောင်မှုပေးအပ်မှာဖြစ်ပါတယ်”ဟု Cookie TV ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်သူဇာမိုးက ပြောသည်။
သုံးလဆက်တိုက် အခမဲ့ ကြည့်ရှုနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ကို ရရှိရန်အတွက် အူရီဒူးဆင်းကတ် အသုံးပြုသူများသည် Cookie TV အက်ပလီကေးရှင်းကို Play Store နှင့် Apple App Store တို့မှ ဒေါင်းလုပ်ဆွဲကာ ဖုန်းနံပါတ် *888# ကို ခေါ်ဆို၍ Cookie TV အက်ပလီကေးရှင်းကို အသုံးပြုရန်အတွက် လိုအပ်သော ပရိုမိုးရှင်းကုဒ်နံပါတ်ကို တောင်းယူပြီး ထိုကုဒ်နံပါတ်ဖြင့် အက်ပလီကေးရှင်းတွင် စာရင်းသွင်း၍ အသုံးပြုနိုင်မည်ဟု သိရသည်။
ထို့နောက် အခမဲ့ သုံးလတာ ပရိုမိုးရှင်းအစီအစဉ် ပြီးဆုံးသွားလျှင်လည်း သုံးစွဲသူများအနေဖြင့် အခပေးရမည့် ရိုးရှင်းပက်ကေ့ချ်နှင့် ထိရှပက်ကေ့ချ်ဆိုသည့် ပက်ကေ့ချ် အစီအစဉ်နှစ်မျိုးအနက် နှစ်သက်ရာကို ရွေးချယ်၍ ဆက်လက်အသုံးပြုသွားနိုင်မည်ဟု သိရသည်။
သူရဖြိုး