ရန်ကုန် ၂၃ စက်တင်ဘာ
အူရီဒူးမြန်မာ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ ဖြိုးမှုအစီအစဉ် (UNDP Myanmar) နှင့် Impact Hub တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် The Hackathon 2019 နည်းပညာ ဆိုင်ရာပြိုင်ပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် The Hackathon 2019 ပြိုင်ပွဲကို (၁)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ (၂)ပညာရေးကဏ္ဍနှင့် (၃)ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍ ဟူသည့် ကဏ္ဍသုံးရပ်အတွက် ဒစ်ဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များကို ဖန်တီးနိုင်ရန် ရည်ရွယ်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများ၊ လူငယ်များနှင့် start-ups များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားသည်။
နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုအတွက် လျှောက်လှမ်းရာတွင် နေ့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပြေလည် စေနိုင်မည့် လက်တွေ့ကျသော ဖြေရှင်းချက်များကို ဖန်တီးပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာ ပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲမှုလုပ်ငန်းစဉ်တွင် လူငယ်များမှ ပါဝင်ကူညီနိုင်ရန်နှင့် လူငယ်များ၏ ဒစ်ဂျစ်တယ် နည်းပညာပိုင်း ဆိုင်ရာ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နှင့် စွန့်ဦး တီထွင်မှုစွမ်းရည်များကို အသိအမှတ်ပြု ကူညီ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် The Hackathon 2019 ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအား အတွေ့အကြုံများအပေါ် မူတည်၍ အငယ်တန်းအဆင့်နှင့် ပညာရှင် အဆင့်ဟူ၍ အဆင့်နှစ်ခု သတ်မှတ်ပိုင်း ခြားပေးသွားမည်ဖြစ်ပြီး အဆင့်တစ်ခုချင်းစီမှ အနိုင်ရရှိသည့် အဖွဲ့ သုံးဖွဲ့သည် ၎င်းတို့၏ စီမံကိန်းများကို ဆက်လက်လုပ်ကိုင်နိုင်ရန် ငွေကြေးထောက်ပံ့မှုများအပြင် အူရီဒူးနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်မည့် ဖွံဖြိုးတိုးတက်မှု သင်တန်းကိုလည်း တက်ရောက်သင်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲနှင့်ပတ်သက်၍ အူရီဒူးမြန်မာ၏ CEO က “မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ ပါဝင်ကူညီနိုင်ပြီး တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ် ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်၊ UNDP နဲ့ ပူးပေါင်းပြီး မနှစ်က ပြုလုပ်ခဲ့တဲ့ Hackathon ပြိုင်ပွဲဟာ အောင်မြင်မှု များစွာ ရရှိခဲ့တဲ့အတွက် အခုနှစ် ပြိုင်ပွဲမှာလည်း မနှစ်က အနိုင်ရရှိသွားတဲ့ ပြိုင်ပွဲဝင်တွေလိုပဲ ဆန်းသစ်ပြီး ထိရောက်တဲ့ အတွေးအခေါ်တွေကို မြင်တွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြား သည်။
UNDP Myanmar မှ တာဝန်ရှိသူတစ်ဦး ကလည်း “The Hackathonနည်းပညာ ပြိုင်ပွဲဟာ ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ ဖြေရှင်းချက်တွေကို အတူတကွ ပူးပေါင်းအဖြေရှာပေး နိုင်မယ့် ပလက်ဖောင်းတစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်၊ ပြိုင်ပွဲဝင်တွေဆီက အဆန်းသစ်ဆုံး အိုင်ဒီယာတွေကို မြင်တွေ့ရတော့မယ့်အတွက်လည်း စိတ်လှုပ်ရှားနေမိပါတယ်”ဟု ပြောကြားသည်။
The Hackathon နည်းပညာပြိုင်ပွဲသည် မြန်မာနိုင်ငံမှ လူငယ်များ၏ ဒစ်ဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် စွန့်ဦးတီထွင်နိုင်စွမ်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာနှင့် UNDP တို့ ပူးပေါင်းပြုလုပ်နေသည့် အထူးအစီအစဉ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ပထမအကြိမ်ပြိုင်ပွဲတွင် (၁)အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ (၂)တန်ဖိုးကွင်းဆက်အတွင်းရှိ စိုက်ပျိုးရေး နည်းပညာနှင့် (၃)ကျေးလက်ဒေသမှ တောင်သူများအား တိုက်ရိုက်အကျိုးပြုမည့် စိုက်ပျိုးရေးနည်း ပညာဟူသော ခေါင်းစဉ်သုံးခုဖြင့် ကျင်းပခဲ့ရာ အဖွဲ့ပေါင်း ၃၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Divas, Blind Hat နှင့် Team Deca အဖွဲ့တို့က ခေါင်းစဉ်တစ်ခုစီတွင် အကောင်းဆုံးဆုများ ရရှိခဲ့ကြသည်။
ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပမည့် The Hackathon 2019 နည်းပညာ ပြိုင်ပွဲအတွက် လျှောက်လွှာများကို အောက်တိုဘာ ၄ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီးပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို www.thehackathon2019.com ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။
သူရဖြိုး