ရန်ကုန် ၁ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေဖြင့် အဝေးပြေးယာဉ် လိုင်းများနှင့် ပတ်သက်၍ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသော်လည်း အသွားအလာ ကန့်သတ်မှုများကြောင့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်စီးနင်းမှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အမိန့်ထုတ်ပြန်ချက်များအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရပြီး နေရပ်ပြန်သူများကိုသာ လိုက်လံပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
“ယာဉ်လိုင်းတွေသည် ခရီးသည်ရှိရင် ပြေးဆွဲနေရတဲ့ သဘောသဘာဝရှိတဲ့အတွက် ယာဉ်လိုင်းအားလုံး ကတော့ မိမိတို့ခရီးသည်များ ရောက်ရှိလာရင်တော့ ဝန်ဆောင်မှုပေးပြီး ပြေးဆွဲနေတယ်ဆိုတောတော့ ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။
လက်ရှိအချိန်တွင် အဝေးပြေးယာဉ်လိုင်းအချို့မှာ ခရီးသည်မရရှိသည့်အတွက် ပါဆယ်ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးခြင်းမျိုးသာ အနည်းငယ်ရှိကြောင်း သိရသည်။
YRTA အနေဖြင့် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်တုန့်ပြန်ရေး ကော်မတီ၏ တာဝန်ပေးမှုအရ မြဝတီ၊ ဘားအံ၊ ဗန်းမော်တို့ဘက်မှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်များအား သွားရောက်ကြိုဆိုခဲ့ရသော်လည်း နောက်ပိုင်းတွင် သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရာနေရာများ၌ ကန့်သတ်စောင့်ကြည့်မှုများကြောင့် ကြိုဆိုရေးဝန်ဆောင်မှုများ ထပ်မံဆောင်ရွက်ရခြင်းမရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက ရန်ကုန်တိုင်းဒေသကြီးအတွင်း အဝေးပြေးယာဉ်ရပ်နား စခန်းများ ဖြစ်သည့် အောင်မင်္ဂလာ၊ ဒဂုံ-ဧရာ နှင့် ဒလ အဝေးပြေးဝင်းတို့မှ ယာဉ်လိုင်းပေါင်း ၄၀၀ ကျော်သည် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီး/ မြို့ငယ်များသို့ ပြေးဆွဲပေးခဲ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အနေဖြင့် အဝေးပြေး ယာဉ်လိုင်းများ ရပ်နားရန် အမိန့်ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


