၈  မေ

 

အဝလွန်ခြင်း ဆိုတာကတော့ ကိုယ်ခန္ဓာမှာ အဆီပိုတွေ အလွန်အကျွံစုဝေးတဲ့ ပြဿနာဖြစ်ပါတယ်။ မျိုးရိုးဗီဇ၊ စားသောက်နေထိုင်ပုံ၊ ရောဂါအခံရှိမရှိ စတာတွေပေါ် မူတည်ပါတယ်။ အဝလွန်ခြင်းဟာ ကမ္ဘာတလွှားမှာဖြစ်ပွားတာ များပြားလာတာနဲ့အမျှ သူနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေ၊ အယူအဆ အမှားတွေလည်း ပေါ်လာပါတယ်။

 

အထူးသဖြင့် အောက်ပါအတိုင်း ယုံတမ်းစကားတွေကြားရတာ များပါတယ်။

 

ယုံတမ်းစကား ၁။ အဝလွန်ခြင်းဟာ နေထိုင်မှုပုံစံ နုံချာလွန်းတဲ့အတွက် ဖြစ်လာရတယ်

 

အဝလွန်ခြင်းနဲ့ ပတ်သက်ရင် စားသောက်ပုံကို ဖြစ်ကတတ်ဆန်း စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတာတွေကိုပဲ ယိုးမယ်ဖွဲ့ကြပါတယ်။ အဝလွန်သူအများစုကို ပျင်းရိသူများ၊ လှုပ်ရှားမှု နည်းသူများ အနေနဲ့ပဲ မြင်ကြပါတယ်။

 

တကယ်တော့ အဝလွန်ခြင်းမှာ အကြောင်းပေါင်းစုံ ရှိပါတယ်။ စားသောက်ပုံ စနစ်မကျခြင်း၊ လှုပ်ရှားမှု နည်းခြင်း စတာတွေဟာ အဓိကကျပေမယ့် အဝလွန်ခြင်းကိုဖြစ်စေတဲ့ တခြားအကြောင်းတွေ အများကြီး ရှိပါသေးတယ်။

 

စိတ်ဖိစီးမှု၊ အိပ်စက်ပုံ၊ ဟော်မုန်း၊ ရောဂါအခံ၊ သောက်သုံးနေသောဆေးများ၊ မျိုးရိုးဗီဇ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။

 

ယုံတမ်းစကား ၂။ ကိုယ်အလေးချိန်ချနိုင်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။

 

ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ပတ်သက်ရင် စွမ်းအင်ကို သိုလှောင်ထားပေးတဲ့ စနစ်မျိုးစုံ ပါဝင် နေပါတယ်။ ကိုယ်အလေးချိန်လျှော့ချနိုင်ရင် နှလုံးရောဂါ၊ ဆီးချိုနဲ့ တခြားပြဿနာတွေကို ဖြစ်နိုင်ခြေ လျော့စေပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာရဲ့ စွမ်းအင်စနစ်ကို ထိခိုက်စေရင်တော့ တခြားကျန်းမာရေး ပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။

 

ကိုယ်အလေးချိန် လျင်မြန်စွာ ကျဆင်းသွားရင် ကြွက်သားများအားပျော့သွားခြင်း၊ ဇီဝဖြစ်ပျက်မှု နှေးသွားခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ အိပ်မပျော်ခြင်း၊ သည်းခြေ ကျောက်တည်ခြင်း အပါအဝင် တခြားပြဿနာတွေ မျိုးစုံကြုံနိုင်ပါတယ်။

 

အရေပြားတွေ ပျော့တွဲသွားတာ၊ အကြောပြတ်ရာတွေပေါ်လာတာ ကြုံနိုင်ပါတယ်။ တခါတရံမှာ စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

 

ယုံတမ်းစကား ၃။ ကိုယ်အလေးချိန်လျှော့ရာမှာ ကယ်လိုရီအဝင်အထွက်ကိုပဲ ဂရုစိုက်ရမယ်

 

များသောအားဖြင့် အဝလွန်သူတွေ ကိုယ်အလေးချိန်လျှော့ချရာမှာ ကယ်လိုရီ အဝင်အထွက်ကိုပဲ အာရုံစိုက်ကြပါတယ်။ စားလိုက်တဲ့ ကယ်လိုရီထက် သုံးစွဲလိုက်တဲ့ ကယ်လိုရီက ပိုမိုလောင်ကျွမ်း ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

 

ကိုယ်အလေးချိန်လျှော့ရာမှာ ကယ်လိုရီဟာ အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပရိုတိန်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ် စတာတွေကလည်း အရေးကြီးပါတယ်။

 

စားလိုက်တဲ့ အစားအစာတွေဟာ ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီဟော်မုန်းတချို့ကပဲ ဘယ်အချိန်စားမလဲ၊ ဘယ်လောက်စားမလဲ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်း တချို့ဟာ ကိုယ်အလေးချိန် ပိုတက်စေပါတယ်။

 

အစားအစာတချို့ကတော့ ပိုပြီး ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ပေးပါတယ်။ ဇီဝဖြစ်ပျက်မှုကို မြန်ဆန် စေပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို လျှော့စားပြီး အဆီဓာတ်နဲ့ ပရိုတိန်းကို ပိုစားပေးခြင်းဟာ ကယ်လိုရီကိုပဲ လျှော့တာထက်စာရင် ကိုအလေးချိန်ချရာမှာ ထိရောက်ပါတယ်။

 

ယုံတမ်းစကား ၄။ လျော့ကျသွားတဲ့ ကိုယ်အလေးချိန်ပမာဏဟာ အရေးအကြီးဆုံး အောင်မြင်မှုပဲ

 

ကိုယ်အလေးချိန်လျှော့ချရာမှာ ဘယ်လောက်ကျသွားပြီဆိုတာပဲ အာရုံစိုက်ခြင်းဟာ မထိရောက် လှပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။

 

ဒီအတိုင်းအတာကိုပဲကြည့်နေရင် ကိုယ်အလေးချိန် အတက်အကျက သံသရာလည်နေမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးခြင်း၊ စားသောက်ပုံမမှန်ခြင်း၊ မိမိကိုယ်ကို အားမရခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

 

ရေရှည်အောင်မြင်ဖို့အတွက်ဆိုရင် စားသောက်ပုံ၊ လေ့ကျင့်ခန်း စတာတွေပေါ် ပိုမိုအာရုံစိုက်ရမှာ ဖြစ်ပါတယ်။

 

တဆက်တည်း သွေးပေါင်ချိန်၊ အစားအစာရဲ့ အရည်အသွေး၊ မိမိကိုယ်ကို ယုံကြည်လေးစားမှု စတာတွေကိုပါ အလေးထားရပါမယ်။ ကိုယ်အလေးချိန်လျော့ကျရုံသက်သက်က အောင်မြင်မှု မဟုတ်ပါဘူး။

 

ယုံတမ်းစကား ၅။ အဝလွန်ခြင်းတွေ့ရများတဲ့ နေရာဒေသမှာ အသီးအရွက်တွေကို ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်အောင် စီမံထားသင့်တယ်။

 

အဝလွန်ခြင်းအတွေ့များတဲ့ နေရာဒေသ (သို့) အချိန်ကာလမှာ အသီးအနှံများ၊ အရွက်များကို ပိုမိုလွယ်ကူအောင်၊ လက်လှမ်းမီအောင် စီစဉ်ပေးထားခြင်းအားဖြင့် အဝလွန်ပြဿနာကို ဖြေရှင်း ပေးနိုင်တယ်လို့ ယူဆကြပါတယ်။

 

တကယ်တော့ အစားအသောက်ကို ရွေးချယ်စားသောက်ရာမှာ စနစ်တကျ ရွေးချယ်စားသုံးနိုင်အောင် အသိဉာဏ်ပညာရေချိန်လည်း လိုပါတယ်။ ဒီအတွက်ပညာပေးအစီအစဉ်တွေပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

များသောအားဖြင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်များ သရေစာများကို ကုမ္ပဏီများဟာ ကြော်ငြာမျိုးစုံနဲ့ စားသုံးသူများ လက်လှမ်းမီအောင် ဆောင်ရွက်ထားကြပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်တဲ့ အသီးအရွက် အစားအသောက်များကို ပိုမိုစားသုံးဖို့ လူထုကို ဆွဲဆောင်ဖို့ဟာ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ လူထုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးနိုင်ဖို့ ပညာပေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ခြင်းက အဓိကကျပါတယ်။

 

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”