ဂျီနီဗာ ၈  မေ

ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရှိန် အဟုန်လျော့ကျလာပြီဖြစ်သောကြောင့် နိုင်ငံအများအပြား က ကပ်ရောဂါဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများနှင့် စည်းကမ်း လမ်းညွှန်ချက်များကို ဖြေလျှော့မှုများ ပြုလုပ်ကာ စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ရာ ယင်းသို့ဆောင်ရွက်နေမှုများကို အထူးသတိထားပြီးဆောင်ရွက်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် တက်ရို့စ်အက်ဟာနွန်က သတိပေးခဲ့သည်။

လော့ခ်ဒေါင်းပြန်ဖွင့်မည့် နိုင်ငံများအနေဖြင့် ထိရောက်သည့် အစီအမံများ ကြိုတင်စီမံထားရန် လိုကြောင်းနှင့် ထိုသို့မဟုတ်ပါက အန္တရာယ်ကြီးမားကြောင်း ဂျီနီဗာမြို့၌ ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ကန့်သတ်ပိတ်ဆို့မှုများ ပြန်လည်ဖွင့်လှစ် ရန် ပြင်ဆင်နေသည့်နိုင်ငံများအနေဖြင့် စောင့်ကြည့်ရေး ခိုင်မာစွာ လုပ်ဆောင်ရန် သီးသန့်ခွဲခြားနေထိုင်ရန် လူနာ မှန်သမျှကို ကုသမှုပေးရန်၊ ပိုးရှိလူနာနှင့်ထိတွေ့မှုရှိသူ အားလုံးကို ရှာဖွေဖော်ထုတ်ရန်၊ လုပ်ငန်းခွင်များနှင့် စာသင်ကျောင်းများတွင် ထိရောက်သည့် အကာအကွယ်စီမံမှုများပြုလုပ်ရန်နှင့် အသွားအလာကန့်သတ် ကာလကုန်ဆုံးပြီးနောက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူလူထုက အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူပေါင်းပါဝင်ရန်ဟူသော စံနှုန်းခြောက်ချက်နှင့် ပတ်သက်၍လည်း ၎င်းကသတိပေးခဲ့သည်။

ဆင်ဟွာ