နေပြည်တော်၊ ဇန်နဝါရီ ၆

 

အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် ၁၉၇၉ ခုနှစ်မှ စတင်၍ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး စက်မှုကျွမ်းကျင် လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုအခါ အထည်ချုပ်ကဏ္ဍအတွက် အထည်ချုပ် သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်းတွင် လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ၊ အစဉ်လေ့လာသင်ယူနေသူများဖြစ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ပြီး အနာဂတ်မြန်မာနိုင်ငံ၏ အထည်အလိပ်၊ အဝတ်အထည် နှင့် အထည်ချုပ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါ၀င်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီးတို့က အမှာစကားပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အဝတ်အထည်ချုပ် လုပ်မှုသင်တန်းခန်းမအတွင်းရှိ သင်ထောက်ကူပစ္စည်းများ၊ အဝတ်အထည်ချုပ်လုပ်မှုနှင့်ပတ်သက်၍ သင်ကြားပေးနေမှုတို့ကို လှည့်လည် အားပေးကြည့်ရှုကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်