မောင်ခင်မင် (ဓနုဖြူ)
“ဘဘ နေကောင်းရဲ့လား၊ သမီး ပြန်ရောက်နေပါတယ်”
“ဟေ...သမီးရောက်တာတောင် မသိလိုက်ဘူးကွယ်။ ကျောင်းပိတ်ရက်ပြန်လာတာထင်တယ်”
“ဟုတ်ပါတယ် ဘဘ။ မနက်က ရောက်တာပါ။ ဘဘဆီလာမယ်လုပ်နေတုန်း ဘဘရဲ့ ဆောင်းပါးတွေ့လို့ ဖတ်နေတာ။ စာလုံးတစ်လုံးမှားနေတာတွေ့လို့ ချက်ချင်းထလာခဲ့တာပါ ဘဘ”
“ဟေ...ဘယ်စာလုံးလဲကွဲ့”
“ဘဘရဲ့ ဆောင်းပါးမှာ ရှေးအိုင်ချင်းထဲက အပိုဒ်ကလေးပါတယ်လေ။ အဲဒါကို ‘ကြွက်ကဲ့အရောင် ကြောင်ရဲ့ အလား’ ဆိုပြီး ‘အယောင်’ ကို ‘အရောင်’ လို့ မှားရိုက်ထားတယ် ဘဘ”
“သြော်...ဟုတ်ပါရဲ့။ အယ်ဒီတာကမှားပြီးပြင်တာလား၊ ကွန်ပျူတာသမားက မှားပြီးစာစီတာလားတော့ မသိပါဘူးကွယ်”
“သမီးက မကြာခင်ကမှ သမီးတပည့်တွေကို ဒီကဗျာကလေးသင်ခဲ့တာမို့ ပိုပြီးသတိထားမိလို့ပါ ဘဘ”
“ဟုတ်ပါ့။ ကြွက်ကဲ့အယောင်ဆိုတာ ကြွက်ကဲ့ ပုံပန်းလို့ဆိုတာလေ။ အယောင်ဆောင်တယ်ဆိုတဲ့ စကားမှာပါတဲ့ ‘ယောင်’ ပေါ့။ ဘီလူးက လူယောင်ဆောင်တယ်ဆိုတာ လူအသွင်ဆောင်တယ်။ လူပုံနဲ့ တူအောင်ဖန်ဆင်းတယ်လို့ ဆိုလိုတာလေ။ ခုခေတ်မှာ သတင်းစာထဲပါပါနေတဲ့ ‘အသွင်ယူ’ ဆိုတဲ့ အဓိပ္ပာယ် မျိုးပေါ့ကွယ်”
“ဟုတ်ကဲ့ပါ ဘဘ”
“ ‘သူယောင်မယ်’ ဆိုတာလည်း လူအယောင်ဆောင်ထားတဲ့ မယ်ကလေးမဟုတ်လားကွယ်။ သိယောင်၊ တတ်ယောင်ဆောင်တယ်ဆိုတာလည်း သိဟန်၊ တတ်ဟန်ဆောင်တာပေါ့ကွယ်။ သိသလိုလို၊ တတ်သလိုလို ဟန်ဆောင်ပြီး အကျယ်ချဲ့တဲ့သူကို ဘယ်လိုခေါ်သလဲ သမီး”
“တတ်ယောင်ကားလို့ခေါ်ပါတယ် ဘဘ”
“အဲဒီ ‘ယောင်’ ကလည်း အဲဒီအဓိပ္ပာယ်ပါပဲ။ ရကောက်နဲ့ရေးလိုက်တော့ အရောင်အသွေးတို့၊ အရောင်အဆင်းတို့ ဖြစ်သွားတာပေါ့ကွယ်”
“ဘဘ၊ ရနဲ့ယ မကြာခဏမှားတာတွေရှိတယ် နော်။ ‘ရောင်ရမ်း’ နဲ့ ‘ယောင်ယမ်း’မှားတာမျိုးပေါ့”
“ဟုတ်တာပေါ့။ ‘ရောင်ရမ်း’ က ဖောရောင်နေ တာ၊ ‘ယောင်ယမ်း’ က ယောင်မှားပြီး ပြောတာဆိုတာလေ။ သြော်...နောက်ရှိသေးတယ်။ ‘ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ်’ ဆိုတဲ့စကားမှာ ကြက်ဥရဲ့ ပုံပန်းသွင်ပြင်ကိုကြည့်ရုံနဲ့ ကြက်ထီးလေး ပေါက်မှာလား၊ ကြက်မလေးပေါက်မှာလား မသိဘူးလို့ ပြောတာလေ။ ‘ကြက်ဥအရောင်’ လို့ မှားသုံးတတ်ကြတယ်”
“ဟုတ်ကဲ့ပါ။ ရနဲ့ယ မှားတဲ့အထဲမှာ ‘အိမ်ယာ’ လည်းပါတာပဲနော် ဘဘ”
“ဘဘ ဖြေဖူးပါတယ်။ ‘အိမ်ရာ’ ဆိုတာ အိမ်ရဲ့နေရာ၊ အိမ်ရှိတဲ့နေရာမို့ ‘အိမ်ရာ’ လို့ ရေးတာမှန်တဲ့ အကြောင်းလေ။ ‘အိမ်ယာ’ လို့ရေးတာ ‘လယ်ယာ’နဲ့ မှားပြီး ရေးမိတာလားမသိပါဘူးကွယ်”
“ဟုတ်ကဲ့ပါ”
“ဒါထက် သတိရလို့ပြောရဦးမယ်။ သတင်း ကြေညာတဲ့ပုဂ္ဂိုလ်တွေ ယနဲ့ရ မှားပြီး အသံထွက်တဲ့ စကားနှစ်လုံး သတိထားမိလို့ပါ။ မြန်မာလို ‘နှလုံးသွင်း’လို့ခေါ်တဲ့ စိတ်ထားကို ‘မနသီကာရ’ လို့ ရကို လျှာလိပ်သံနဲ့ဆိုရတယ်။ အဲဒါကို ‘မနသီကာယ’ လို့ဆိုနေကြ တယ်။ အဲ... ‘ဓနသယာယ’ နိုင်ငံကျတော့ ‘ ဓန သယာရ’ ဆိုပြီး လျှာလိပ်သံနဲ့ မှားဆိုကြပြန်ရောလေ”
“မှတ်သားစရာပါ ဘဘ”
“နောက်ရှိသေးတယ်။ ‘အမူအရာ’ ကို ‘အမူ အယာ’ လို့ ရေးတတ်ကြတယ်။ လူနာမည်လည်း ‘မူယာ’ လို့ မှည့်တာရှိတယ်လေ။ ‘မာယာများတယ်’ ဆိုတဲ့စကားကို ‘မူယာမာယာများတယ်’ လို့ စကားနဲ့ သုံးတာမျိုးတော့ရှိတာပေါ့။ ‘အမူအရာ’ ကိုပြောတာ ဆိုရင်တော့ ‘မူရာ’ လို့ ရေးသင့်တာပေါ့ကွယ်”
“မှားချင်စရာပဲနော် ဘဘ”
“အသံပြောင်းလာတဲ့ ယနဲ့ရ အသုံးတွေလည်း ရှိတယ်မဟုတ်လား သမီးရဲ့’
“ဘယ်လိုပြောင်းတာမျိုးလဲ ဘဘ”
“ဟို ရန်ကုန်တက္ကသိုလ်နားက ကန်ကြီးကို ဘယ်လိုခေါ်ပါလိမ့်”
“သြော် ‘အင်းယား’ ပါ ဘဘ”
“အဲဒီယားက ဘာပါလိမ့်”
“အဲဒီယားက၊ အဲ-ဟာသမီးသိပြီ။ ရှည်လျားတယ်ဆိုတဲ့၊ အဓိပ္ပာယ်ရှိတဲ့ လျားကနေ အသံပြောင်းလာတဲ့ ယားပါ ဘဘ”
“ဟုတ်ပါတယ်။ မူရင်းက ‘အင်းလျား’ ပေါ့။ အသံ ပြောင်းလာတော့ ‘အင်းယား’ လို့ခေါ်တာပေါ့။ ပြောသလိုရေးရင် ‘အင်းယား’ ပေါ့ “
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ ဒီကောင်ကတော်တော် ‘ကျောယား ရှည်’ တယ်လို့ပြောတာ မူရင်းက ‘ကျောလျားရှည်’ ပေါ့”
“ ဘဘ ‘ယော်ရွက်ဝါ’ ဆိုတာလည်း အရင်းခံက ‘လျော်ရွက်ဝါ’ ပေါ့နော်”
“ဟုတ်ပါတယ် ‘ညှိုးလျော်’ လို့ မူလကသုံးတာ ‘ညိုးယော်’ လို့ ဖြစ်လာတာပေါ့”
“ခုခေတ်မှာ ယရော၊ ရရော ယသံပဲထွက်တော့တယ်လေ။ ပါဠိမဟုတ်ရင် ရကို လျှာလိပ်သံထွက်လေ့ မရှိဘူး။ ဒီတော့ ‘လျ’ နဲ့ အရင်ကသုံးတဲ့ စကားလုံးတွေက ယကို ပြောင်းတယ်လို့ဆိုပေမယ့် တချို့ ရ ကို ပြောင်းတာလည်း ရှိတယ်ကွဲ့”
“ဟင်... ဘယ်လိုစကားလုံးမျိုးလဲ ဘဘ”
“ ‘သိလျက်နှင့်’ ဆိုတဲ့စကားကို ‘သိယက်နဲ့’ လို့ အသံပြောင်းတာပေါ့။ ဒါပေမယ့် ‘သိရက်နဲ့’ လို့ ရ နဲ့ ရေးနေတယ်မဟုတ်လား”
“ဟုတ်တယ်နော် ဘဘ”
“ ‘လျော့’ ဆိုတာကိုလည်း ‘ရော့’ လို့ ပြောင်းတယ်လေ။ လျော့သွားသည်ဆိုရင် ‘ရော့သွားသည်’၊ အတိုးအလျော့ဆိုရင် ‘အတိုးအရော့’လို့ ပြောင်းတယ်မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“လျော်ကြေး ဆိုရင်လည်း ‘ရော်ကြေး’ လို့ ရေးမှာ ပဲလေ။ ဒီတော့ ‘လျ’ ကနေပြီး ‘ယ’ ကိုလည်း ပြောင်းတတ်တယ်။ ‘ရ’ ကိုလည်း ပြောင်းတတ်တယ်လို့ မှတ်သင့်တာပေါ့”
“နားလည်ပါပြီ ဘဘ”
“အဲ... လယပင့်ဟထိုး လျှဆိုရင်တော့ ရှကို ပြောင်းတယ်။ ပြောစကားနဲ့ရေးရင်လည်း ‘ရှ’ နဲ့ပဲ ရေးတယ်။ ဒါပေမယ့် ရှလို့ အသံသာပြောင်းတာ အရေးကိုတော့ လျှနဲ့ပဲ ရေးနေကြတာ များပါတယ်”
“ဟုတ်တယ်နော် ဘဘ။ လျှာတို့၊ လျှံတို့၊ လျှမ်းလျှမ်းတောက်တို့ကို လယပင့်ဟထိုးနဲ့ပဲ ရေးနေကြတာ။အသံကသာ ရှသံ ဖြစ်နေတာလေ”
“အများအားဖြင့် ပြောစကားမှာ ရေးပုံမပြောင်း ပါဘူး။ ပြောင်းတဲ့စာလုံး အနည်းအကျဉ်းတော့ ရှိတာ ပေါ့။ ‘တလျှပ်လျှပ်’ ဆိုတဲ့ စာစကားအသုံးကို အပြောနဲ့ သုံးရင်တော့ ‘တရှပ်ရှပ်’ လို့ သုံးရမှာပေါ့ကွယ်။ ကဲ... အယောင်နဲ့ အရောင်က စလိုက်တဲ့ ယနဲ့ ရ အကြောင်း ပြောစရာတော်တော်များသွားပြီလေ”
“သမီးတို့ မှတ်သားရတာ ကျေးဇူးတင်ပါတယ် ဘဘရယ်။ ဒါထက် ညဘက် ကိုရီးယားကားတွေ တီဗွီမှာပြတော့ အောက်ကထိုးတဲ့စာတန်းတွေထဲမှာ သမီးနားမလည်တာတွေပါနေလို့ ဇဝေဇဝါဖြစ်နေပါတယ် ဘဘ”
“ဟေ... သမီးတောင် ဇဝေဇဝါဖြစ်တယ်ဆိုတော့ ဘယ်လိုအသုံးတွေလဲကွဲ့”
“တစ်ယောက်က တစ်ယောက်ကို ပြောတာ ‘ခင်ဗျား တော်တော်လုပ်ရပ်တယ်’ လို့ ရေးတာ မကြာခဏ တွေ့ရပါတယ်။ ပြီးတော့ ‘အလကားသပ်သပ် ပြောနေတယ်’ လို့ ရေးတာလည်းတွေ့ပါတယ်။ သမီး ဘာဆိုလိုမှန်းမသိပါဘူး ဘဘ”
“သြော်... ခက်နေပါပြီ သမီးရယ်။ ‘လုပ်ရက်တယ်’ လို့ မပီလို့ ‘လုပ်ရပ်တယ်’ လို့ ရေးတာနော်။ ‘အလကား သပ်သပ်’ ဆိုတာလည်း ‘အလကားသက်သက်’ လို့ ဆိုလိုတာပါ။ ရေးပုံ ထူးခြားနေလို့ သမီးမျက်စိလည်သွား ပြီထင်တယ်”
“သြော်... ဘဘပြောမှ သမီးသဘောပေါက်တယ်။ ဖြစ်မှဖြစ်ရလေ”
“အပြောအဆိုမပီရင် ရေးတာလည်း မှားမှာပဲ သမီးရဲ့။ အခုလူငယ်တော်တော်များများ တသတ်သံနဲ့ ကသတ်သံ မှားပြောနေတာလေ။ ‘လုပ်ရက်တယ်’ ကို ‘လုပ်ရပ်တယ်’ လို့ ပြောပေမယ့် ‘ပတ်ဝန်းကျင်’ကျတော့ ‘ပက်ဝန်းကျင်’ ... တဲ့။ ကောင်းပါလေရော”
“နောက်တစ်ခုမေးပါရစေ ဘဘ။ ဟိုနေ့ကပဲ တွေ့လိုက်တယ်။ ကိုရီးယားကားမှာပဲ။ စာတန်းထိုးတာ ‘မသိကျေးကျွန်ပြုနေတယ်’ တဲ့၊ ‘မသိကျေးကျွန်’ ဆိုတာ အဓိပ္ပာယ်နားမလည်လို့ပါ ဘဘ”
“ဟယ်... သမီးမျက်စိလည်ပြန်ပြီ။ တကယ်အမှန် က ‘မသိကျိုးကျွန်ပြုတယ်’ လို့ ဆိုလိုတာပဲ။ ‘မသိချင် ယောင်ဆောင်တယ်’ လို့ ဆိုလိုတာလေ”
“သြော်... သမီးနားလည်ပါပြီ။ ဆုံးမစာထဲက ‘ရူးကျွန်မူ၍ချောင်း၊ သွပ်ကျွန်မူ၍ကပ်’ ဆိုတဲ့ အသုံးမျိုး ပေါ့နော် ဘဘ”
“ဟုတ်ပါ့၊ ဟုတ်ပါ့။ သမီးက စာကျေပါတယ်။ ‘ကျွန်’ ဆိုတာ ရှေးစကား ဟန်ဆောင်တယ်၊ ဟန်ပြုတယ်လို့ အဓိပ္ပာယ်ရတယ်။ ကျေးကျွန်ကို ဆိုလိုတာ မဟုတ်ဘူး။ မိုးက ‘ရွာစကျဟန်’ပြုတယ်လို့ ရှေးကဗျာတွေမှာ သုံးတယ်။ ‘ရွာစကျွန်’ ဆိုတာ ‘ရွာစဟန်’ ပေါ့။ အတည်ပြုတယ်။ ရွာချင်ယောင်ဆောင်တယ်ပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“သမီးပြောတဲ့ သာဓကက ပညာရှာရင် ရူးဟန်ဆောင်ပြီး ဆရာ့ကို ချဉ်းကပ်ပါ။ သွပ်ဟန်ဆောင်ပြီး ဆရာနဲ့တွေ့ဖို့ အခွင့်အရေးစောင့်ပါလို့ ဆိုလိုတာလေ။ ‘မသိကျိုးကျွန်ပြု’ ဆိုတာ အရင်းခံက ‘မသိကျွန်ပြု’ ပေါ့။ ‘မသိဟန်ဆောင်တယ်၊ မသိချင်ယောင်ဆောင် တယ်’ပေါ့။ မသိကျွန်ကို မသိကျိုးကျွန်လို့ ရှေ့က အိုးကာရန်နဲ့ စကားဖြည့်သုံးတာ၊ အမြင်ဝါးနေတာကို ‘ဝိုးဝါး’ လို့ သုံးတာမျိုး၊ နှစ်ခုရဲ့အကြားကို ‘ကြိုးကြားလို့ သုံးတာ မျိုး’၊ ‘မသိကျိုးကျွန်’ လို့ သုံးတာ။ စာရေးတဲ့သူက ‘မသိကျေးကျွန်’ လို့ မှားသုံးတာလေ”
မြန်မာ့အလင်း