ရောမ အောက်တိုဘာ ၁၇
အယ်လ်ဘေးနီးယားရှိ အီတလီက တည်ဆောက်ထားသော တည်းခိုစင်တာများသို့ ရွှေ့ပြောင်း နေထိုင်သူအုပ်စု ပထမအသုတ်အဖြစ် ရောက်ရှိလာသည်ဟု သိရသည်။
အာဖရိကမြောက်ပိုင်းနှင့် အခြားသောနေရာများမှ မြေထဲပင်လယ်ကို ဖြတ်ကျော်လာသည့် ရွှေ့ပြောင်းနေထိုင်သူများ အဆမတန်များပြားလာသည့်အပေါ် အီတလီနိုင်ငံက ရုန်းကန်နေရ သည်။ ၂၀၂၃ ခုနှစ်အတွင်း အီတလီသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၅၀၀၀၀ ခန့် ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်းက ပြောသည်။
နိုင်ငံအတွင်း တရားမဝင် ခိုးဝင်နေထိုင်သူပြဿနာမှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ အတွက် အဓိကဦးစားပေးပြဿနာဖြစ်သည်။ အယ်လ်ဘေးနီးယားတွင် တည်းခိုစင်တာများ ဆောက် လုပ်ရန် လွန်ခဲ့သည့်နှစ်အတွင်း က အယ်လ်ဘေးနီးယားအစိုးရနှင့် အီတလီအစိုးရတို့ သဘောတူညီ မှုရရှိခဲ့သည်။
အဆိုပါစင်တာများကို အောက်တိုဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည်။ အီတလီအစိုးရက အဆောက် အအုံ နှစ်ခုအတွက် ကုန်ကျစရိတ်အားလုံးကို ပေးဆောင်မည်ဖြစ်ပြီး တစ်ခုမှာ ခိုလှုံခွင့် လျှောက် ထားမှုနှင့် အခြားသောလုပ်ထုံးလုပ်နည်းများအတွက် ထားရှိမည်ဖြစ်ပြီး နောက်တစ်ခုမှာ ယာယီ တည်းခိုနေထိုင်နိုင်ရေးအတွက် လုပ်ဆောင်မည်ဖြစ်သည်။
တည်းခိုစင်တာများသည် လူဦးရေ ၃၀၀၀ အထိ ဆံ့သော်လည်း ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများနှင့် ထိခိုက်လွယ်သူများကို ချန်လှပ်ထားမည်ဖြစ်သည်။
ဥရောပသမဂ္ဂ ပြင်ပတွင် ယင်းကဲ့သို့ အဆောက်အအုံများ တည်ဆောက်ထားရှိခြင်းဖြင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများဆီသို့ တရားမဝင်ခိုးဝင်နေထိုင်ရန် ကြိုးပမ်းသူများကို အဟန့်အတား ဖြစ်စေ မည်ဟု ယုံကြည်ကြောင်း အီတလီဝန်ကြီးချုပ်က ပြောသည်။ ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေး အတွက် အာမခံချက်လုံလုံလောက်လောက်မပေးနိုင်သဖြင့် လူ့အခွင့်အရေးအုပ်စုများက စိုးရိမ် နေကြသည်။
အင်န်အိတ်ချ်ကေ