အယ်လ်ခိုင်ဒါအဖွဲ့၏ မြောက်အာဖရိကခေါင်းဆောင်သေဆုံး

ထရီပိုလီ  ၁၉ ဇွန်

အယ်လ်ခိုင်ဒါအဖွဲ့၏ မြောက်အာဖရိက ခေါင်းဆောင်တစ်ဦးဖြစ်သူ အက်ဒယ်လ်မာလက် ဒရောက်ဒယ်သေဆုံးသွားပြီဖြစ်ကြောင်း အကြမ်းဖက် အုပ်စုများအား စောင့်ကြည့်လေ့လာနေသည့် အမေရိကန်အဖွဲ့တစ်ဖွဲ့ဖြစ်သော ဆိုက်အမည်ရ အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်သည်။


ပြင်သစ်နိုင်ငံက ယခုလအစောပိုင်းတွင် ၎င်း၏ တပ်ဖွဲ့များသည် ဒရောက်ဒယ်ကို အယ်လ်ဂျီးရီးယားနယ်စပ်အနီး မာလီမြောက်ပိုင်း တွင် သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။ အဆိုပါနေရာသည် အကြမ်းဖက်သမားများခြေကုပ်ယူပြီး ဗုံးဖောက် ခွဲခြင်းနှင့် အနောက်နိုင်ငံသား များကို ပြန်ပေးဆွဲခြင်းများပြုလုပ်ရာ နေရာတစ်ခုဖြစ်သည်။


အယ်လ်ခိုင်ဒါအဖွဲ့သည် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် ပေါ်ပေါက်လာသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့သည် ဆာဟယ်ဒေသ တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။


ဒရောက်ဒယ်သေဆုံးခြင်းသည် အယ်လ်ဂျီးရီးယား၏ နံပါတ်တစ် ရန်သူသေဆုံးခြင်းဖြစ်ကြောင်း ပြင်သစ်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွင် ဖော်ပြလိုက်သည်။ ဥပဒေမဲ့လုပ်ရပ်များကို စိတ်ထင်တိုင်းလုပ်ကိုင်နိုင်သော အဆိုပါဒေသတွင် ဂျီဟတ် တပ်ဖွဲ့ဝင်များကို သုတ်သင်ရန် ပြင်သစ်နိုင်ငံသည် တပ်ဖွဲ့ဝင် ၅၀၀၀ ကို တပ်ဖြန့်ချထားခဲ့သည်။

ဆင်ဟွာ