B2B Magazine က “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အခမ်းအနားကျင်းပ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က  ’’ WOW Customer Satisfaction ’’ ခေါင်းစဉ်ဖြင့် ဟောပြော

ရန်ကုန်  ၄  ဧပြီ  

 

Myanmar B2B Management Magazine က ကြီးမှူးကျင်းပသည့် “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ Hotel Yangon ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ’’ WOW Customer atisfaction ’’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် တည်ထောင်သူ ဦးကျော်မြတ်မိုးနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်သည်။

 

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် တည်ထောင်သူ ဦးကျော်မြတ်မိုးက စီးပွားရေးလုပ်ငန်း အောင်မြင်အောင် လုပ်ဆောင်သင့်သည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုများ အကြောင်းအရာနှင့် ၎င်းကြုံတွေ့ခဲ့ရသည့်အခက်အခဲ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမူများကို အများပြည်သူအားမျှဝေပြောကြားပြီး တက်ရောက်လာသူများကသိရှိလိုသည်များကို မေးမြန်းကြသည်။

 

စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က  ’’ ဆွေးနွေးပွဲ ကိုတက်လာတာကလူငယ်တွေ။ ဒါအရေးကြီးတယ်။ ဒီထဲမှာလုပ်ငန်းရှင်တွေပါသလို ဝန်ထမ်းတွေလည်းပါတယ်။ ကိုယ်တိုင်ဈေးရောင်းနေတဲ့ သူတွေရှိတယ်။ ကိုယ်တိုင် ဈေးရောင်းတဲ့သူတွေကဈေးရောင်းတဲ့ပညာအတွေ့အကြုံရှိပေမယ် အသိရှိချင်မှရှိမယ်။ ပထမရည်ရွယ်ချက်ကအဲ့ဒါကိုအာရုံစိုက်တာ။ ဒုတိယရည်ရွယ်ချက်ကလုပ်ငန်းရှင်ကို ခေါ်တွေ့တယ်။ အခုကိုကျော်မြတ်မိုးကိုခေါ်တွေ့တာက သူရဲ့ဘဝဖြစ်စဉ်ကို လူငယ်တွေ သိစေချင်တယ်။ သိစေချင်တာကလူငယ်တွေ အားကျစေချင်တယ်။ သူဘယ်ကစခဲ့လဲ။ လုပ်နေတဲ့အစီစဉ်က ၆ နှစ်ရှိပြီ။မြန်မာနိုင်ငံမှာစီးပွားရေးကိုအောင်မြင်တဲ့ သူတွေကိုရွေးပြီး လုပ်နေတာ။နိုင်ငံတကာမှာလည်းလုပ်နေတာရှိတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်က ကိုယ်နိုင်ငံမှာရှိတဲ့  သူတွေကကိုယ်တွေလို အခက်အခဲတွေရှိတယ်။ ကိုယ်လိုအခက်အခဲ ရှိတဲ့သူကအခက်အခဲတွေကျော်လွှားပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာတယ်။ ကိုယ်လဲဘာကြောင့် စီးပွားရေးလုပ်ငန်းရှင်မဖြစ်နိုင်ရမှာလဲဆိုတဲ့စိတ် မွေးစေချင်တဲ့ စေတနာနဲ့ ဒီအခမ်းအနားလုပ်ရတာပါ ဟု ’’ ပြောသည်။

 

Myanmar B2B Management Magazine ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက စတင်ထုတ်ဝေခဲ့ပြီးယခုဆိုလျှင် စာအုပ်အမှတ်စဉ် ၈၀ ကျော်ရှိလာခဲ့ပြီဖြစ်ပြီး “ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” အတွက် ရည်ရွယ်ချက်နှင့် စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကိုတင်ဆင်ပေးလာခဲ့ပြီး Cover Story ၊ Talk ၊ Business ၊ Investing ၊ Startup ၊ Profile ၊ Special Interview စသည့် စိတ်ဝင်စားစရာ Content များစွာပါဝင်သည်။

 

အဆိုပါ Content များထဲမှ “Cover Story” ကိုပညာရှင်နှင့် လုပ်ငန်းရှင် တွေ့ဆုံပြီးအမေး၊အဖြေ ပြုလုပ်သည့်ပုံစံဖြင့် ထူးထူးခြားခြားတင်ဆက်ပေးနေခြင်း ဖြစ်ကာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကိုယ်တိုင် ပြည်တွင်းကထူးချွန်အောင်မြင်သည့် လုပ်ငန်းရှင်ကြီးများ၊ စွန့်ဦးတီထွင်သူများနှင့်တွေ့ဆုံပြီး၎င်းတို့၏လုပ်ငန်း၊ ဘဝဖြတ်သန်းမှု၊ အောင်မြင်မှု အကြောင်းများကိုမေးမြန်းထားသည့် ဤကဏ္ဍသည် B2B ၏ အဓိက Content တစ်ခုလည်းဖြစ်သည်။ 

 

ယင်းကဏ္ဍကိုပရိသတ်များတိုက်ရိုက်ကြည့်ရှု နားဆင်နိုင်ရန်အတွက် “မြန်မာ့စီးပွား ထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အမည်ဖြင့် Public Event အဖြစ် ပြောင်းလဲကျင်း ပခြင်းဖြစ်သည်။ Myanmar B2B Management Magazine အနေဖြင့် “မြန်မာ့စီးပွား ထူးချွန်သူများနှင့် တွေ့ဆုံခြင်း”နှင့် “B2B စကားဝိုင်း” အစီအစဉ်များကိုလစဉ်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-လှမိုး)

 

KHP