၁၁   စက်တင်ဘာ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “B.A.P”မှ အဖွဲ့ဝင်တစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီသတင်းတွေ ထွက်ပေါ်လာခဲ့ရာ အစပိုင်းမှာ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့ဝင်ရဲ့အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းမှာတော့ အဖွဲ့ရဲ့ အေဂျင်စီက စွပ်စွဲခံရသူမှာ ဟမ်ချန်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် အေဂျင်စီက ဒီလိုစွပ်စွဲခံရတာဟာ စွပ်စွဲသူမိန်းကလေးနဲ့ ဟမ်ချန်းတို့အကြား နားလည်မှုလွဲခြင်းသာ ဖြစ်ကြောင်းလည်း တစ်ပါတည်း ပြောကြားခဲ့ပါတယ်။

 

ဟမ်ချန်းဟာ ပြီးခဲ့တဲ့ ခရီးစဉ်တစ်ခုအတွင်း အတူသွားခဲ့တဲ့ အသက် ၂၀ ဝန်းကျင် မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ကြောင်း စွပ်စွဲခံထားရတာပါ။ ဒီခရီးစဉ်အတွင်းမှာတော့ ဟမ်ချန်းနဲ့ စွပ်စွဲသူမိန်းကလေးအပြင် အခြားသော အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး အတူလိုက်ပါခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ ဟမ်ချန်းဘက်က သူ့အပေါ် စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး ဒေသရဲတွေကတော့ ဒီကိစ္စကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားပါတယ်။ ဒါ့အပြင် လက်ရှိမှာ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

 

အေးပြည့်