ရန်ကုန် ၄ မတ် 

လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး တင်ဆက်သော ဗျစ်ရည်ဆိုင်စောင့်တဲ့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို မတ်၈ ရက်မှစ၍ ရုံတင်ပြသတော့မည်ဖြစ်သည်။

သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးအဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင်အဓိကသရုပ်ဆောင်များအဖြစ် လူမင်း၊ ထွန်းထွန်း၊ ခင်လှိုင်၊ အိချောပို၊ နန်းမြတ်ဖြိုးသင်း၊ မေပန်းချီတို့အပြင် နေဆန်း၊ အောင်ခိုင်၊ ဆင်မ၊ ကေညီ၊ ဘင်း၊ ကျော်ဇင်ထွဋ်၊ ကြယ်သီး၊ ချမ်းသာ၊ ဝေလု၊ ဟိန်းဇေ၊ အိုကေ၊ စိုပြေ၊ အောင်တိုး၊ သိန်းဇံ၊ မျိုးမျိုးခိုင်၊ အိအိတုန် စသည့်သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးထား ကြောင်းသိရသည်။

မေတ္တာဘွဲ့ ဟာသဇာတ်လမ်းဗျစ်ရည်ဆိုင်စောင့်တဲ့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးမှာ မေတ္တာဘွဲ့ ဟာသ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး လူရှိန်အောင်၏ ဇာတ်လမ်းကို နေစိုးသော်ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ ဩရသက ရိုက်ကူးထားခြင်းဖြစ်သည်။

မိသားစုအတွက် အနစ်နာခံတတ်သောအစ်ကိုကြီးတစ်ယောက်၏ မေတ္တာတရားကို လေးစားဖွယ်ဖော်ကျူးရန်၊ မိန်းမလျာ၊ ယောကျာ်းလျာဆိုသူတို့မှာ စိတ်ကိုလှည့်ဖြားသော သဘောသာဖြစ်၍ အမှန်စစ်စစ်သဘာဝကို မလွန်ဆန်နိုင်ကြောင်း ပညာပေးရန်၊ အယူအဆအစွဲအလမ်းတို့ကို အစွန်းရောက်ယုံကြည်မှုမထားဘဲ အတွေးအခေါ် အသိဉာဏ်ဖြင့်ဆင်ခြင်ထွင်းဖောက် အမြင်မှန်ရောက်ကြစေရန်နှင့် စစ်မှန်သောမေတ္တာတရား တို့၏ အဆုံးသတ်၌ လှပပြီးပျော်ရွှင်ချမ်းမြေ့ဖွယ်ရာသာဖြစ်ရကြောင်း ရုပ်ရှင်ကြည့်ပရိသတ်အားတင်ပြရန် ရည်ရွယ် ထားကြောင်းသိရသည်။

“အဓိကကတော့ ဟာသပါပဲ။ အဲဒီမှာ အစ်ကိုကြီးက ညီတွေအပေါ်မှာ အနစ်နာခံပြီး ကျောင်းထားပေးပြီးတော့နိုင်ငံခြားပို့ပြီးတော့ ဒီမှာ ဒုက္ခ၊ သုက္ခတွေနဲ့ဘဝကို ဖြတ်သန်းနေတာကို ဟာသအနေ နဲ့ တင်ပြထားတာပါ” ဟု ဒါရိုက်တာ ဩရသက ပြောသည်။

ရင်ဘတ်တွင် ဘီလူးရုပ်ထိုး၍ ရပ်ကွက်အရက်ဆိုင်တွင် လူမိုက်ပုံစံဖြင့်လုံခြုံရေးတာဝန်ယူထားသော လူမင်းက ညီငယ်နှစ်ဦး၏ အစ်ကိုကြီး တာနော အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွင် ရပ်ကွက်ထဲ၌ ထမင်း ဆိုင်ဖွင့်လှစ်ရောင်းချနေသူလေးအဖြစ်သရုပ်ဆောင် အိချောပိုကို တွေ့မြင်ရမည်ဖြစ်သည်။ ဟာသဇာတ်ကွက်များတွင်ပိုင်နိုင်စွာ သရုပ်ဆောင်လေ့ရှိသူကိုခင်လှိုင်ကို အိချောပို၏ အစ်ကိုဆိုက်ကားဆရာအဖြစ် မြင်တွေ့ကြရမည်ဖြစ်သည်။

ထင်ပေါ်ဝင်း