မုံရွာ၊ ၁၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္တန်တောင်ကျေးရွာအနီးရှိ ဗောဓိတစ်ထောင်ဒေသအထူး စိမ်းလန်းစိုပြည်ရေး စီမံကိန်း ဒုတိယနှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ၃၃၅၀၀ ကို စုဆောင်းထားရှိပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။
ဗောဓိတစ်ထောင်ဒေသ အထူးစိမ်းလန်းစိုပြေရေး စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းပထမနှစ်အား ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် စီမံကိန်း ပထမနှစ်အတွင်း အပင်ပေါင်း(၃၃၅၀၀)ပင်အား စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
“ဗောဓိတစ်ထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းရဲ့ ပထမနှစ်မှာ ပျိုးပင် ၃၃၅၀၀ ပင် စိုက်ပြီးပြီ အဲဒိအပင်တွေ အခုနွေကာလကို ဖြတ်ကျော်နိုင်ဖို့ မြေဆွေးထည့်တာတွေ ရေလောင်းတာတွေ လုပ်ပေးနေတယ်၊ အခု ဘဏ္ဍာရေးနှစ်မိုးရာသီမှာ အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်း ဧရိယာအတွင်းမှာ စိုက်မဲ့ပျိုးပင်တွေက အနိမ့်ဆုံး (၈)လက်မ ကနေ(၅)ပေအထက်ရှိတဲ့ ပျိုးပင်တွေကို စုဆောင်းထားရှိပြီး ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။
ပျိုးပင်များ စုဆောင်းထားရှိမှုအနေဖြင့် ပဲချယ်ရီပင် ၁၁၅၀၀ ၊ ရှားပင်၂၂၀၀ ၊ တမာပင် ၆၀၀၀ ၊ မြန်မာ ကုက္ကိုလ်ပင် ၆၀၀၀ ၊ ကုလားကုက္ကိုလ်ပင် ၁၀၀၀ ၊ ဖျောက်ဆိပ်ပင် ၆၀၀၀ ၊ ပင်လယ်ကဗွီး ပင် ၅၀၀ နှင့် ဗောဓိညောင်ပင်ပေါင်း ၃၀၀ တို့အား ဗောဓိတစ်ထောင်သာသနာ့နယ်မြေအတွင်းရှိ ပျိုးဥယျာဉ်၌ စုဆောင်းထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


