မုံရွာ ၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခတက္ကန်(တောင်)ကျေးရွာအနီးရှိ ဗောဓိတထောင်သာသနာ့ နယ်မြေတွင် ခရီးသွားအများပြည်သူများ အပန်းဖြေလေ့လာနိုင်ရန်အတွက် ဆင်စခန်းတစ်ခုတည်ထောင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်း၊ မုံရွာသစ်ထုတ်ရေးဒေသ ဒေသတာဝန်ခံ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော် ကဿပရုပ်ကလပ်တော်ကြီးသို့သွားရောက်သည့် နှစ်စဉ်ဘုရားဖူးရာသီတွင် ဘုရားဖူးများ အနေဖြင့် မုံရွာမြို့ရှိ အထင်ကရနေရာများဖြစ်သော မိုးညှင်းသံဗုဒ္ဓေနှင့် ဗောဓိတထောင်သာသနာ့နယ်မြေတို့ကို မဖြစ်မနေဖြတ် သွားရသည်ဖြစ်ရာ ဘုရားဖူးပြည်သူများဝင်ရောက်အပန်းဖြေလေ့လာနိုင်ရန်အတွက် ဆင်စခန်း တစ်ခုကို ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
'' ဖွင့်ဖို့ကတော့ပြင်ဆင်နေစဉ်အဆင့်မှာရှိသေးတယ်၊ ဘတ်ဂျက်လည်းမတင်ရသေးဘူး၊ စီမံချက်တော့ ရေးနေပါပြီ၊ သဘာဝနဲ့နီးစပ်တဲ့ အဆောက်အဦလေးတွေဖြစ်အောင် ဝါး၊ မျှော တို့ကတော့ စတင်စုဆောင်းနေပြီ၊ ဘယ်တော့လောက်ဖွင့်မယ်ဆိုတာကတော့ အကြမ်းဖျဉ်းမမှန်းနိုင်သေးဘူး၊ (၂ဝ၁၉) ဇန်နဝါရီလလောက်တော့ ဖွင့်လှစ်နိုင်မယ်လို့တော့ မှန်းထားတယ်၊ အဲဒိထက်စောဖို့တော့ မရှိဘူး၊ အဲဒိကာလထက်လည်း နဲနဲနောက်ကျ နိုင်တယ်၊ မတ်လနောက်ပိုင်းလို ပူပြင်းတဲ့ လလောက်လည်း မစပါဘူး၊ စနိုင်မယ်ဆိုရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီ လလောက်မှာ စဖြစ်အောင် ကြိုးစားနေတယ်'' ဟု မုံရွာသစ်ထုတ်ရေးဒေသ ဒေသတာဝန်ခံ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်းက ပြောသည်။
အဆိုပါဆင်စခန်းတွင် အများပြည်သူများ အပန်းဖြေလေ့လာနိုင်ရန်အတွက် ကသာခရိုင်အတွင်းရှိ ကောလင်းမြို့နယ် သစ်ထုတ်ရေးစခန်းမှ စွယ်စုံ၊ ဟိုင်း၊ ဟန်၊ ဆင်မလေး၊ ဆင်သားပေါက်ပါသည့် သားအမိ တစ်တွဲ စုစုပေါင်း(၆)ကောင် ထားရှိရန်စီစဉ်နေကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်တွင် ကသာမြို့နယ် အတွင်းက သာအနောက်သစ်ထုတ်ရေး ဒေသရှိ နတ်ပေါက်ဆင်စခန်းနှင့် မောက်လိုက်မြို့နယ်အတွင်း မော်လိုက် အနောက် သစ်ထုတ်ရေးဒေသရှိ ပျားစွဲဆင်စခန်းတို့အား ဖွင့်လှစ်ထားရှိပြီး ယခုဗောဓိတထောင်ဆင်စခန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တတိယမြောက် ဆင်စခန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)