မုံရွာ   ၂၈  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဗောဓိတထောင် သာသနာ့နယ်မြေ စိမ်းလန်းစိုပြည်ရေးကို  (၅)နှစ်ကြာ အထူးစီမံကိန်း တစ်ရပ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

 

“အခုဘဏ္ဍာနှစ်ကနေစပြီး (၅)နှစ်ကြာမယ့် အထူးစီမံကိန်းတစ်ခုကို ဖော်ဆောင်ပြီး စိမ်းလန်း စိုပြည်ရေးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ စိမ်းလန်းစိုပြည်ရေးကို လုပ်ဆောင်သလို အဆိုပြု ကြိုးဝိုင်းအတွင်းက အရင်းအမြစ်ကို ပတ်ဝန်းကျင်ကျေးရွာတွေ အနေနဲ့ ဝိုင်းဝန်းထိန်းသိမ်းဖို့နဲ့ ထုတ်ယူ သုံးစွဲမှု လျှော့ချရေးအတွက်လည်း လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ညွှန်ကြား ရေးမှူး ဦးဘလွင်ဦးက ပြောသည်။

 

အဆိုပါ စီမံကိန်းတွင် သဘာဝတောကျန်များ ထိန်းသိမ်းခြင်းလုပ်ငန်းအဖြစ် ဗောဓိတထောင် အဆိုပြု သဘာဝ ကြိုးဝိုင်းဧရိယာအတွင်း အရှေ့ဘက် တောင်မတောကျေးရွာ၊ အနောက်ဘက် ကမ်းနီဆည်၊ တောင်ဘက် တောင်ကြားကျေးရွာနှင့် မြောက်ဘက် ကျောက်ကာကျေးရွာတို့အတွင်းရှိ သဘာဝ တောင်ကျန်ဧက (၁၀ဝဝ)ကို ထိန်းသိမ်းမည်ဖြစ်ပြီး ဗောဓိတထောင်ဒေသ အထူး စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို မုံရွာမြို့နယ် ဗောဓိတထောင် အဆိုပြုသဘာဝကြိုးဝိုင်းအတွင်းရှိ ထိုင်တော်မူရုပ်ပွားတော် ကြီး၏ နောက်ကျော်ဘက်ရှိ တောင်တန်းများပေါ်တွင် ဖော်ဆောင်သွားမည်ဖြစ်ကာ စီမံကိန်း ဧရိယာအတွင်း တစ်နှစ်လျှင် အမြင့်(၃)ပေ အထက်ရှိ ပျိုးပင် (၃၀ဝဝဝ)နှုန်းဖြင့် စီမံကိန်း (၅)နှစ်တာတွင် ပျိုးပင်ပေါင်း (၁၅၀ဝဝဝ)ပင်အား စိုက်ပျိုးသွားမည် ဖြစ်သည်။

 

2

 

“အခုအခြေအနေမှာ ပျိုးပင်စုဆောင်းခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေတယ်၊ ရေကန်တည်ဆောက်ဖို့ မြေနေရာ ရွေးချယ်ပြီးပြီ၊ မိုးရာသီအမီ ပျိုးပင်တွေစိုက်ပျိုးနိုင်ဖို့ သစ်ပင်ကျင်း (၉၀ဝဝ)ကျော် တူးပြီးသွားပြီ၊ ဆက်လက်တူးနေတယ်၊ စီမံကိန်းဧရိယာ အတွင်းမှာစိုက်မဲ့ ပျိုးပင်တွေကတော့ အချိန်တို အတွင်းမှာ ရှင်သန်းကြီးထွားပြီး အရိပ်ရမဲ့ ရှား၊ တမာ၊ကုက္ကုလ် ၊ ပဲချယ်ရီ၊ ဒဟတ်ပင်တွေကို စိုက်ပျိုးသွားမှာဖြစ်သလို ရှိပြီးသားအပင်တွေကိုလည်း ပြုစုထိန်းသိမ်းတောတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ စီမံကိန်းပထမနှစ်အဖြစ် ယခုဘဏ္ဍာနှစ်မှာ ငွေကျပ် ၂၉၀ ဒသမ ၉၈၅ သန်းနဲ့ စတင်အကောင် အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်တယ်” ဟု ဗောဓိတထောင်ဒေသ အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းအောင်ရွှေ က ပြောသည်။

 

ဗောဓိတထောင် ဒေသ အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း ၆၁၇ သန်း အကုန်အကျခံပြီး (၅)နှစ်ကြာ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)