နေပြည်တော် ဇူလိုင် ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၅ ရက် ညနေ ၆ နာရီတွင် ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ သောဘုံ ကျေးရွာအနီး၊ ဘားအံ-လှိုင်းဘွဲ့ သွားကားလမ်းတွင် စိုးမြင့်သန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ မြိတ်တောင် ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာအနီးတွင် ဉာဏ်အောင်လင်း(ခ)ဘိုကြီးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၀,၀၀၀ ကို လည်းကောင်း၊ ထို့အတူ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီး မြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာရှိ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေး စခန်းတွင် AD VAN အမျိုးအစားခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၃၂၀၊ မြန်မာငွေကျပ် ၁ ဒသမ ၂၁၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
(ရဲပြန်ကြား)