ဘားအံ ၂၅ မတ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေး ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် လူမှုဖူလုံရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် အလုပ်သမား ၁၆၀၀ ခန့်ရှိသော Fulltex Company Limited အထည်ချုပ်စက်ရုံ၊ အလုပ်သမား ၁၁၀ ခန့်ရှိသော မဟာဘားအံအထည်ချုပ်စက်ရုံ၊ အလုပ်သမား ၃၀ ကျော်ရှိသော Kyaw-3 ကော်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်၍ လုပ်ခလစာနှင့် ကုန်ကြမ်းရရှိမှု အခြေအနေ၊ အလုပ်သမားများ ဖျားနာမှုရှိပါက အကြောင်းကြားရန်၊ နစ်နာမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိနိုင်စေရန်၊ အတူနေမိသားစုဝင်များ လိုက်နာရမည့်အချက်များ၊ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများ လိုက်နာရမည့်အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်ရုံအလုပ်ရုံများသို့ ညွှန်ကြားချက်များကို စနစ်တကျ အတိအကျလိုက်နာရန်နှင့် လက်တွေ့လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဘားအံစက်မှုဇုန်တွင် စက်ရုံအလုပ်ရုံပေါင်း ၂၂ ရုံ လည်ပတ်လျက်ရှိပြီး တည်ဆောက်ဆဲ ၁၅ ရုံရှိကာ အလုပ်သမား ဦးရေစုစုပေါင်း ၂၃၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


