ဘားအံ   ၁၄   အောက်တိုဘာ

 

ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်၊စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍လူငယ်များ စာပေချစ်မြတ်နိုးတတ်စေရန်၊စာဖတ်ခြင်းဖြင့် စာပေတန်ဖိုးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ စာပေကို ချစ်မြတ်နိုးခြင်းအားဖြင့် မိမိကိုယ်ကိုနှင့်မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးပြုတတ်လာစေရန်၊ ရည်ရွယ်ပြီး တတိယအကြိမ်မြောက် စာဖတ်ဝိုင်းကို စာရေးဆရာအောင်သင်း၏ ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု စာဖတ်ဝိုင်းကို လူငယ်များဦးဆောင်၍ ယနေ့ မွန်းလွဲ ၁ နာရီက ဘားအံ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီး ဆရာဦးသန်းအောင် (မောင်လူဝိုင်း)ဘားအံက စာရေးဆရာအောင်သင်း၏ “ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု” စာအုပ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးကြရာတွင် လူငယ်လူရွယ်များ ဖြစ်ကြသော(YIC Studend)မှ စောညွန့်ဝင်း၊ ဘားအံခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး မအေးအေးခိုင်၊ တရားရေးဌာနမှ အထက်တန်းရှေ့နေ ခွန်ဝင်းကြိုင်တို့က စာရေးဆရာအောင်သင်း၏ “ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့် စာရိတ္တပျိုးထောင်မှုစာအုပ်မှ ခေတ်သစ်ကမ္ဘာအတွက် ပညာ ရေး၊ ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု၊ဗြဟ္မစိုရ်ပညာရေး ခေါင်းစဉ်များဖြင့် ခေတ်သစ်ကမ္ဘာကြီးအတွက် ခေတ်သစ်ပညာရေးတွေ လိုအပ်လာပြီး လူငယ်များဟာခေတ်နဲ့အပြိုင် လူအဖွဲ့အစည်းမှာ ဖြစ်လာ တဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အသိပညာ အတတ်ပညာများလိုလာကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသောလူငယ်များက ခေတ်သစ်ပညာရေးနှင့်ခေတ်ဟောင်း ပညာရေး၊ စာပေဖတ်ရှုခြင်း အကျိုးရလဒ်များကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နေမျိုးလွင် (ပြန်/ဆက်)