ဘားအံ အောက်တိုဘာ ၂၉
ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဓာတ်မြေဩဇာ သုံးစွဲခြင်းကို လျော့ချ၍ သဘာဝမြေဩဇာများကို တွင်ကျယ်စွာ အစားထိုးပြောင်းလဲ သုံးစွဲလာစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ (၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွားသဘာဝ မြေဩဇာစက်ရုံနှင့် ဩဇာမင်း သဘာဝမြေဩဇာစက်ရုံ ဖွင့်ပွဲတို့ကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါစက်ရုံများ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုးပွားသဘာဝမြေဩဇာ စက်ရုံပိုင်ရှင် ဦးသိန်းမြင့်တို့က တိုးပွားသဘာဝမြေဩဇာစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုးပွားသဘာဝမြေဩဇာစက်ရုံတွင် တောင်သူများမှ သဘာဝမြေဩဇာ လာရောက်ဝယ်ယူအားပေးနေမှုနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ကုန်ကြမ်းအဖြစ်အသုံးပြု၍ သဘာဝမြေဩဇာ ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဩဇာမင်းသဘာဝမြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စက်ရုံပိုင်ရှင်ဦးချမ်းစိန်တို့က စက်ရုံကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်မြေဩဇာများသည် လတ်တလော အထွက်နှုန်း ကောင်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိုက်ပျိုးမြေ၏သဘာဝအာနိသင်ကို ထိခိုက်ပျက်စီး စေပြီး အန္တရာယ်ဖြစ်စေသည့်အတွက် ဘေးထွက်ဆိုးကျိုးမရှိသည့် သဘာဝမြေဩဇာများကို တွင်ကျယ်စွာ အသုံးပြုသင့်ကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း အခြားဓာတ်မြေဩဇာ များထက် အဆများစွာသက်သာပြီး တောင်သူများအားလုံး ဝယ်ယူအသုံးပြုနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ယခုကဲ့သို့ သဘာဝမြေဩဇာစက်ရုံများ ဖွင့်လှစ်နိုင်ခြင်းသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပေးကြော်ငြာခြင်း၊ ထုတ်ကုန်များ တိုးမြှင့်ရောင်ချနိုင်ရေး ဈေးရောင်းပွဲတော်များ၊ ပြခန်း၊ ပြပွဲများ ကျင်းပနိုင်ရေးဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုးပွားသဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် ဩဇာမင်းသဘာဝမြေဩဇာလုပ်ငန်းရှင်တို့က သဘာဝ မြေဩဇာစက်ရုံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)