ဘားအံ ၁၅ ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၁) စံပြဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) မတပ်လျှင် ဈေးအတွင်းမဝင်ရ၊ ဈေးရောင်းချသူများ ခေါင်းပေါင်းနှင့် နှာခေါင်းစည်းများတပ်ဆင်ရန်၊ ရှေ့ဖုံးကာအင်္ကျီ(Apron) ဝတ်ဆင်ရန်၊ လက်အိတ်နှင့် လည်ရှည်ဖိနပ်ဝတ်ဆင်ရန်၊ လုပ်ငန်းပြီးချိန်၌ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောရန်  ကန့်သတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အလားတူ ဘားအံမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ဈေးရောင်းချနေသူများအား သတိပေးညွှန်ကြားချက်များ ထုတ်ပြန်၍ လိုက်နာဆောင်ရွက်ရန်၊ ပျက်ကွက်ပါက ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဥပဒေအရ စီမံခန့်ခွဲရေးဒဏ်ငွေ တပ်ရိုက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ဈေးများ၏ ဝင်ပေါက်ထွက်ပေါက်များတွင် ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ ဈေးဌာနစိတ်ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့များပူးပေါင်း၍ ဈေးဝယ်သူများ နှာခေါင်းစည်းနှင့် လက်အိတ်တပ်ဆင်အသုံးပြုမှသာ ဈေးအတွင်းဝင်ရောက်ကြရန်၊ ဈေးအတွင်း၌ လူစုလူဝေးဖြစ်ပွားခြင်းကို လျှော့ချနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၍ ဈေးဝယ်ကြရန်  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးဝယ်သူများ နှားခေါင်းစည်းနှင့် လက်အိတ် အလွယ်တကူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကရင်ပြည်နယ်အတွင်းရှိ ဈေးများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါ ဈေးအတွင်းမှစ၍ ဖြစ်ပွားပြန့်နှံ့မှုကို ကာကွယ်နိုင်ရန်အတွက် ကန့်သတ်ထိန်းချုပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)