ဘားအံ ဇွန် ၁၈
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့် စွန့်ပစ်မှုများ ဖြစ်စေရေးအတွက် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်မှု ပညာပေးသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ဈေးများတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မဈေးကြီးနှင့် အမှတ်(၁) အဆင့်မြင့်စံပြဈေး၊ အမှတ်(၅)ရပ်ကွက်ရှိ မာန်အောင်ဈေး၊ အမှတ်(၆)ရပ်ကွက်ရှိ သီရိဈေးတို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများကို အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းသည် သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်ပုံများနှင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိ အမှိုက်ဟူ၍ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးဆွေးနွေး ဟောပြောခဲ့ကြပြီး ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများကို စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်စေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဈေးများအတွင်း ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများ၏ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး၊ အဝတ်အထည် အစရှိသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)