ဘားအံ ၇ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံး နေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရန်နှင့် ပစ္စည်းလေးပါးအဆင်ပြေ စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်နိုင်စေရန်အတွက် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ (၇၂)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၏ (၇၂) ကြိမ်မြောက်မြို့လုံးကျွတ်ဆွမ်းဆန်လောင်းလှူပွဲကို အောက်တိုဘာ လ ၇ ရက်နေ့ နံနက် ၇ နာရီက စေတီတော်တည်နေရာ ဘားအံမြို့ အမှတ်(၂)ရပ်ကွက်၊ သီတာလမ်းမှ စတင်၍ ဆွမ်းဆန် တော်ကိုလောင်းလှူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦး စောချစ်ခင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာ နွယ်ဝင်စေတနာရှင်ပြည်သူများက မြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၄၇)ကျောင်းနှင့်သီလရှင်ကျောင်း(၁၂)တို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင် (၁၈၀ဝ)ပါးတို့အား ဆွမ်းဆန်တော်၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကို သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၃)ရက်တိုင်တိုင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆရာတော်၊ သံဃာတော်များမှ မြို့ပေါ်ရပ်ကွက်များသို့ ၃ ရက်တိုင်တိုင် ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


