ဘားအံ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော သီရိကွင်းပတ်လမ်း ကွန်ကရစ် လူသွားလမ်းနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အများပြည်သူ ကိုယ်လက်လှုပ်ရှား လမ်းလျှောက် လေ့ကျင့်ခန်း ဆောင်ရွက်နိုင်ရေး ဘားအံမြို့၊ သီရိကွင်းပတ်လမ်း အရှည် ပေ ၃၃၀၀ ခန့်နှင့် အကျယ် ၄ ပေ၊ ထု ၄ လက်မရှိ ကွန်ကရစ် လူသွားလျှောက်လမ်း ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-ထုံးအိုင်လမ်းမကြီး ဘေးဝဲယာနှစ်ဖက် အုတ်စီ ရေမြောင်းပြုလုပ်ခြင်း နိဗ္ဗိန္ဒတံတားမှ စောစံစီဖိုးလမ်းဆုံထိ (၇၃၂၀ ပေ x ၃ ပေ x ၄ ပေ) လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့အဝင် မြေထိန်းနံရံ အပိုင်း(၁) တည်ဆောက်ခြင်း ၄၉၉၅ ပေနှင့် မြို့အဝင် မြေထိန်းနံရံ အပိုင်း(၂) တည်ဆောက်ခြင်း ၁၃၂၅ ပေ ဆောင်ရွက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဘားအံ-ထုံးအိုင်လမ်းမကြီး ဘေးဝဲယာနှစ်ဖက် ဘားမဲတောင်ခြေမှ ရွှေကင်းတူးမြောင်းအထိ ပေ ၂၁၃၀ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)