ဘားအံ ဩဂုတ် ၂၉
(၄၄)ကြိမ်မြောက်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူ ဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ စုပေါင်းဆင်ယင် ကျင်းပသည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး သဘာပတိ ဦးစောကြည်လင်းက ချည်ဖြူဖွဲ့မင်္ဂလာနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဝါခေါင်လရောက်တိုင်း လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ထုံးချည်နှောင်သည့် ဓလေ့သည် မိသားစုများစည်းစည်းရုံးရုံးနှင့် ပြန်လည်တွေ့ဆုံခြင်း၊ လက်ရည်တစ်ပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့် လူငယ်ကြား နွေးနွေးထွေးထွေး ဆွေးနွေးတိုင်ပင် ကြခြင်းဖြင့် စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်ရင်းနှီးမှုများ တိုးပွားရရှိစေကြောင်း၊ ကျန်းမာခြင်းလာဘ်လာဘများနှင့် ကောင်းခြင်းဟူသမျှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်ကျင်းပရေးကော်မတီထံ ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ကာ ပွဲတော်ကျင်းပရေးကော်မတီက (၄၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဘိုးနှင့် အဘွားများက မြေးငယ်များခြံရံလျက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပွဲတော် အကြီးအမှူးက မကောင်းသော စိတ်ဝိညာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိညာဉ်လိပ်ပြာကောင်းများ အသီးသီး ပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆို ခေါ်ယူသည်။
ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်းစသည့် ပစ္စည်း ခုနစ်မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသား တို့အား စုပေါင်းညီညွတ်စွာ နေထိုင်စေလိုသည့် အဓိပ္ပာယ်များပါဝင်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံ့အပြားတွင် ကျင်းပလေ့ရှိကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)