ဘားအံမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ဘားအံ       မေ       ၅

 

(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ဘားအံခရိုင် မီးသတ်စခန်း၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးအား မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းမှ ၃၀ တို့ ပါဝင်သော စစ်ရေးပြအဖွဲ့က စစ်ကြောင်းပုံဖြင့် အလေးပြုကြပြီး ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားသည်။

 

ထို့နောက် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေ ၉၅ ဒသမ ၁ သန်းဖြင့် အောင်မြင်ခိုင်ခန့်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော ပေ ၆၀ x ပေ ၃၀ RC နှစ်ထပ် ဘားအံခရိုင် မီးသတ်စခန်း လူပျိုဆောင် နှစ်ထပ်အဆောက်အအုံ ဖွင့်ပွဲကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ယင်းနောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၂၉၁ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သော မီးငြှိမ်းသတ်ယာဉ် လေးစီးအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဝန်ကြီးချုပ်က ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန် ခရိုင်မီးသတ်ရုံးများသို့ လွှဲပြောင်းပေးအပ်ရာ ခရိုင်ဦးစီးမှူးများက လက်ခံရယူကြသည်။

 

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဝင်များက အထပ်မြင့် ရှာဖွေကယ်ဆယ်ရေး၊ Gas မီးလောင်မှု၊ ဆီဘောက်ဆာမီးလောင်မှုနှင့် ယာဉ်မတော်တဆ ထိခိုက်မှုတို့အား မီးငြှိမ်းသတ်ကယ်ဆယ်သရုပ်ပြသကြပြီး အသစ်ဝယ်ယူထားသည့် မီးငြိမ်းသတ်ယာဉ် လေးစီးက စွမ်းရည်သရုပ်ပြသကာ ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းတို့အား ငွေကျပ်သိန်း ၃၀ စီ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ()၌ လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ရေလှောင် တမံတွင် ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှု အခြေအနေများကို True World Co., Ltd မှ  မန်နေဂျင်းဒါရိုက်တာ ဦးစိုးဇေယျက ပြည်နယ်အစိုးရအဖွဲ့ထံ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)