ဘားအံ ဇူလိုင် ၁၆
ကရင်ပြည်နယ် ဘားအံမြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် မြို့သူ/မြို့သား စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းသည့် အလှူငွေပေးအပ်ခြင်းကို ဇူလိုင် ၁၅ ရက်က ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အလှူငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ဘားအံမြို့သူ၊ မြို့သား စုပေါင်းအလှူရှင်များက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ငွေကျပ် သိန်း ၄၅၀ လာရောက်လှူဒါန်းပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ တစ်ရက်လျှင် ၄၀ လီတာ အလုံး ၃၀၀ ထုတ်လုပ်နိုင်သည့်စက်ကြီးကို မှာယူထားပြီးဖြစ်ပါကြောင်း၊ ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော် ကုန်ကျမည်ဟု လျာထားပါကြောင်း၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏အစီအစဉ်ဖြင့် Mobile Oxygen Car နှစ်စီးကိုလည်းမှာယူထားပြီး ရှေ့လလယ်ခန့်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ Oxygen လိုအပ်သည့် နေရာများသို့ ရွေ့လျားဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးစီး တည်ဆောက်မည့် အောက်စီဂျင်စက်ရုံအတွက် ယခုကဲ့သို့ဝိုင်းဝန်းပူးပေါင်းပြီး လှူဒါန်းပေးပါသော ဘားအံမြို့သူ၊ မြို့သား ရပ်မိရပ်ဖ၊ စေတနာရှင်ပြည်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံမြို့သူမြို့သား စေတနာရှင်ပြည်သူများက အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေကျပ် သိန်း ၄၅၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


