ဘားအံ ဖေဖော်ဝါရီ ၂၀

 

ဆောင်းနေကြာ သီးနှံကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ အမှတ်(၈)ရပ်ကွက် ကွင်းအမှတ်-၁၁၈၄ ထောင်ဝိကွင်းရှိ တောင်သူဦးဝင်းတင် အပါအဝင် တောင်သူ ၁၆ ဦး၏ နေကြာစိုက်ခင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

အခမဲ့ထောက်ပံ့

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နေကြာမျိုးစေ့ တစ်ဧကတန်ဖိုး ငွေကျပ် ၃၆၄၀၀အနက် တန်ဖိုး၏ တစ်ဝက်ကို ပြည်နယ်အစိုးရကအခမဲ့ထောက်ပံ့ပေးပြီး တောင်သူများအနေဖြင့် မျိုးစေ့တန်ဖိုး တစ်ဝက်ကိုသာ ကျခံရခြင်းဖြစ်ကာ ထွက်ရှိလာသည့် နေကြာစေ့ အားလုံးကို တောင်သူများသာ ရရှိမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းအောင် ဂရုစိုက် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထွက်ရှိလာသည့် သီးနှံများကို ကုန်ကြမ်းမှကုန်ချော အဆင့်ထိ အရည်အသွေးကောင်း ထုတ်ကုန်များထွက်ရှိလာစေရန် အဆင့်မြင့် ဆီကြိတ်ခွဲစက်များဖြင့် ကြိတ်ခွဲမှသာ ဈေးကောင်းရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကြိုတင်ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နေကြာသီးနှံ စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးနှင့် ပြည်နယ်ဝန်ကြီးများက ဘားအံမြို့နယ်အတွင်းရှိ ထောင်ဝိ၊ ရဲသာ၊ တရုတ်လှ၊ ကော့ကျိုက် အစရှိသော ကျေးရွာ ၁၀ ရွာမှ နေကြာစိုက်တောင်သူ ၁၀၀ အတွက် ဩဇာမင်းသဘာဝ မြေဩဇာအိတ် ၁၀၀ ကို အခမဲ့ချီးမြှင့်ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဘားအံမြို့ အမှတ်(၈)ရပ်ကွက် ထောင်ဝိကွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းနေကြာအထွက်နှုန်းတိုးတက်ရေး စံပြကွက် ၆၈ ဧကကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် နေကြာစိုက်ခင်းအနီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၏ ဝတ်မှုန်ကူးပျားအုံများ ထားရှိပြီး သီးနှံအထွက်တိုးရေးအတွက် ပျားဖြင့် ဝတ်မှုန်ကူးခြင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးပြီး တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)