နေပြည်တော် အောက်တိုဘာ ၂
ဘားအံမြို့ရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု လျော့ချရေး၊ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်စေရေးအတွက် အမှတ် (၁) ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ကျော်ဇေယျလမ်းနှင့် အမှတ် (၆) ရပ်ကွက် မြို့ပတ်လမ်းတို့ကို ဆက်သွယ်သည့် ဖြတ်လမ်းဖြစ်သည့် အရှည် ၁၃၄၇ ပေ၊ အကျယ် ပေ ၅၀ မန်းနဲစံလမ်းသစ်ကို ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
“ ဘားအံမြို့မှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ အများပြည်သူတွေ မြို့တွင်းသွားလာမှု လွယ်ကူချောမွေ့စေဖို့နဲ့ မြို့တွင်းလမ်းများ တိုးတက်ရေးကို အလေးထားပြီး ဦးစားပေး ဆောင်ရွက်နေပါတယ်၊ ပေ ၅၀ အကျယ်ရှိတဲ့ အမှတ်(၁)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ကျော်ဇေယျလမ်းနဲ့ အမှတ်(၆)ရပ်ကွက် မြို့ပတ်လမ်းတို့ကို ဆက်သွယ်တဲ့ ဖြတ်လမ်းဖြစ်တဲ့ မန်းနဲစံ လမ်းသစ်ကြီးကို ဖောက်လုပ်နေပါတယ်၊ ဖောက်လုပ်ပြီးတဲ့ အမာခံမြေသား လမ်းပေါ်မှာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောသည်။
ထို့ပြင် ဘားအံမြို့တွင်း ၈ မိုင် ၅ ဖာလုံရှိလမ်းများကို အဆင့်မြှင့်တင်မှုအနေဖြင့် AC လမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အလားတူ မြို့တွင်းလမ်းများကို ယခု ဘဏ္ဍာနှစ်တွင် AC လမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကတ္တရာလမ်း ခင်းခြင်းတို့ကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်လမ်းပိုင်းများကို ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြစနစ် ကောင်းမွန်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိက အခန်းကဏ္ဍတွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းမင်းအောင် (သတင်းစဉ်)